မြေနုရွာမှာ ယခင်က
ကလေးတွေကစားဖို့
လူငယ်တွေကစားဖို့
ဘောလုံးကွင်းတွေရှိခဲ့ဖူးတယ်။
ကျောင်းသားများ ရွာလူငယ်များအတွက်
အတန်းကျောင်းထဲက ဘောလုံးကွင်း။
ရွာလူငယ်များအတွက်
မြောက်ကျောင်းအတွင်းရှိ ဘောလုံးကွင်း။
တစ်ရွာနှင့် တစ်ရွာချိန်းကန်၍ ရသော
ကျစ်ကန် ဘောလုံးကွင်း။
ခု ဘယ်ဘောလုံးကွင်းမှ
ကန်လို့အဆင်မပြေတော့။
အတန်းကျောင်းထဲရှိ
ဘောလုံးကွင်းကလဲ
ရွာသားများကန်ဖို့နေနေသာသာ
ကျောင်းသားတွေကန်ဖို့တောင်
ဘောလုံးကွင်းက နဲနဲကျင်းနေပြီ။
အဆိုးဆုံးက ကွင်းလယ်မှာ
ကန့်လန့်တည်ဆောက်ထားတဲ့
ကန့်လန့်စာသင်ဆောင်ဆောက်စဉ်က
နောင်အနာဂါတ်အတွက်
ကလေးကစားကွင်းကို
ထည့်မတွက်ခဲ့တာ အင်မတန် အရုပ်ဆိုးတယ်။
နောက် မြောက်ကျောင်းရှိ ဘောလုံးကွင်း။
မြေနုရွာမှာ ကျောင်းလာတက်သော
ကန်ကြီးသား(ကျောင်းသားများ)နှင့်
ချိန်းကန်ဖူးသော
နောက်
အလယ်ကျောင်း နှင့် မြောက်ကျောင်း
ကျောင်းတိုက်ဆရာတော်တွေပင်
စီစဉ်ပေးပြီး ချိန်းကန်ခဲ့ရသော
အထင်ကရဘောလုံးကွင်း။
ခု ဘော်ဒါဆောင်တွေ
ပဲချ နှမ်းချ ဖို့ တလင်းပြင်လုပ်တာနဲ့ ဘောကန်ဖို့ အခွင့်မသာတော့ဘူး။ ဘုရားကျောင်းမြေဖြစ်တဲ့အတွက်
နေစဉ်နှင့်အမျှ သွားကန်နေလျှင်လည်း အဆင်မပြေနိုင်။
နောက် တစ်ရွာနှင့်တစ်ရွာ
ချိန်းကန်လို့ကောင်းသော
ဘောလုံးကွင်းကျယ်သော
မြေပြင်ညီသော ကျစ်ကန်ကွင်းသည်လည်း
ဘောလုံးကွင်းအဖြစ် မပီပြင်တော့ပေ။
ခု ဘယ်ပုံဘယ်နည်းဖြစ်နေသည်ပင်
ဖော်မပြလိုတော့ပေ။
ရွာလူငယ်များအတွက်
ဘယ်နေရာမှာ
ဘောလုံးအားကစားကျင်းပရမည်နည်း။
ဘယ်ဘောလုံးကွင်းမှာ
ထရိန်နင်းဆင်းရမလဲ။
"ချွေးထွက်များမှ သွေးထွက်နဲ" မည့် ခေတ်မှာ
ထရိန်နင် ကောင်းကောင်းမလုပ်နိုင်ပဲ
ဘောလုံးအားကစား (အားကစားပေါင်းစုံ)
တိုးတက်ဖို့မလွယ်။
ယခင်က လူငယ်များအတွက်
ဘောလုံးကွင်းလုပ်ပေးမည် ဟု အသံများကြားခဲ့ရဖူးသော်လည်း
ယခု ထိုအသံများ
ဘယ်ဆီရောက်သွားသည် မသိ။
မည်သူက ဦးဆောင်ပြီး
လုပ်ပေးနိုင်မလဲ ဟု
တစ်နှစ်ထက်တစ်နှစ်
တစ်ယောက်ပြီးတစ်ယောက်
ခေတ်ကာလတွေ ပြောင်းလဲလာသော်လည်း
မည်သူမှ အလေးမထား။
ယခုတော့ မြေနုလူငယ်အသင်း
ချေစွမ်းကောင်းသော်လည်း
ထရိန်နင်နဲပါးခြင်း
အိမ်ကွင်းကောင်းကောင်းမရှိခြင်းကြောင့်
အရှုံးတစ်ခုကို ရင်မှာပိုက်ပြန်ခဲ့ရလေသည်။
ကိုယ်ပိုင်ဘောလုံးကွင်းမရှိသော
မြေနုလူငယ်များက အခက်ခဲကြားက
စည်းလုံးခြင်းသည် အင်အား ဟုခံယူလျှက်
ရပ်ရွာဂုဏ်ကို မြင့်တင်ပေးခဲ့လေသည်။
မြေနုလူငယ်များ တာဝန်ကျေခဲ့လေသည်။
လူငယ်များအတွက် တာဝန်ရှိနေသော
ရွာရှိလူကြီးများကရော မည်သို့မည်ပုံဖြင့်
ကစားကွင်းကို တာဝန်ယူပေးမည်နည်း?
သေချာတာ တစ်ခုကတော့
ရွာလူငယ်များအတွက် ဘောလုံးကွင်းကောင်းကောင်းတစ်ကွင်း
ရှိသင့်သည် ဟု ထင်မြင်ယူဆမိပါသည်။
Photo ~ Sam Min Oo
Posted by - Ashin Kaweinda
Alinnthit Library Myaynu Village
No comments:
Post a Comment