Friday, June 17, 2016

" ပရဟိတအလုပ်ဖြင့် သမိုင်းတစ်ခေတ်မှာ မှတ်တမ်းတင်နိုင်ဖို့ "

     ပရဟိတဟူသည်
ပရ=သူတစ်ပါး၊ ဟိတ=အကျိုးစီးပွါး၊
ပရဟိတ=သူတစ်ပါးအကျိုးစီးပွါး။
အဓိပ္ပါယ်လွယ်ကူအောင်ဖွင့်ဆိုပါက
ပရဟိတကို အများအကျိုးစီးပွားကိုဆောင်ရွက်ခြင်းဟု သိနိုင်ပါသည်။ ပရဟိတအလုပ်သည် ကိုယ်ကျိုးအတွက်မပါဘဲ အခြားတစ်ယောက်၏အကျိုး၊ သို့မဟုတ် လူအများ၏
အကျိုးစီးပွားကို
ဆောင်ရွက်ချင်သောသဒ္ဓါ၊ဆောင်ရွက်နေသောဝီရိယ၊ဆောင်ရွက်ဖြစ်သောသတိ၊ဆောင်ရွက်နိုင်သောသမာဓိ၊ဆောင်ရွက်တတ်သောပညာ၊
ဤဗိုလ်ငါးပါးခေါ် ဗလငါးတန်နှင့်ပြည့်စုံဖို့ လိုအပ်သည်။

ထို့ပြင် သူတော်ကောင်းဥစ္စာခုနှစ်ပါးဖြစ်သော ကံ၊ကံ၏အကျိုးကိုယုံကြည်မှုသဒ္ဓါ၊
မကောင်းမှုမှ ရှောင်ကြဉ်သော
သီလ၊လောက၀ဇ္ဇကိုနားလည်လွယ်သောသုတ၊တွန့်တိုမှုကင်းသောစွန့်လွှတ်ခြင်းစာဂ၊လောကုတ္တရာရေးရာနှင့်လောကီရေးရာ၊နိုင်ငံရေးနှင့်လူမှုရေးစသောအရာရာတိုင်းကိုအသိအလိမ္မာဥာဏ်ပညာဖြင့်
ခွဲခြမ်းစိတ်ဖြာနိုင်သော ပညာ၊ မကောင်းမှုပြုလုပ်ခြင်း၊ပြောဆိုခြင်း၊
ကြံစီခြင်းမှ ရှက်တတ်သောဟိရီ၊ကြောက်တတ်သော သြတ္တပ္ပ ဤတရားတို့နှင့်ပြည့်စုံပါက
ပရဟိတလုပ်သူများအဖို့ ပို၍ချီးကျူးဖွယ်ရာ ဖြစ်ပေမည်။

ပရဟိတလုပ်ဆောင်သူများတွင် အစောဆုံးနှင့် အများဆုံးပြုလုပ်ခဲ့သူမှာ(B.C 600
စုနှစ်တွင်ပေါ်ထွင်းခဲ့သော)
ဗုဒ္ဓဘုရားရှင်ဟုပြောဆိုပါကအများအားဖြင့်လက်ခံကြမည်ထင်ပါသည်။ဘုရားရှင်သည်ဒီပင်္ကရာဘုရားပွင့်ရာကာလသုမေဓာရှင်ရသေ့ဘ၀မှသည်ဝေဿန္တရာမင်းဘ၀တိုင်အောင်သောလေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံးအလောင်းတော်ဘ၀နုစဉ်အခါကပင်ဝေနေယျသတ္တ၀ါများအပေါ်ပါရမီဆယ်ပါး၊အပြားသုံးဆယ်၊စွန့်ခြင်းကြီးငါးပါး၊စရိယသုံးပါးတို့ကို
ဖြည့်ကျင့်၍ အများအကျိုးအတွက်ပရဟိတလုပ်ခဲ့သည်။

နောက်ဆုံးဂေါတမနွယ်ဝင်သိဒ္ဓတ္ထမည်တွင်ဘုရားရှင်ဘ၀မှာလည်းသက်တော်(၂၉)နှစ်အရွယ်မှသက်တော်
(၃၅)နှစ်အရွယ်ထိ(၆)နှစ်တိုင်တိုင်ခက်ခဲလှစွာသောဒုက္ကရစရိယာကိုကျင့်ခြင်းသည်ဥာတတ္ထစရိယနှင့်လောကတ္ထစရိယကို
ရည်ရွယ်၍ အတ္တတ္ထစရိယကို ဖြည့်ကျင့်ခြင်းဖြစ်သည်။ ဘုရားဖြစ်ပြီးချိန်မှ
ပရိနိဗ္ဗာန်ပြုသည်အထိ ၀ါတော်(၄၅)၀ါအတွင်း သံသရာဝဲသြဃမှာ နစ်မွန်းပျော်ပါးပြီး
လမ်းမှားရောက်နေသော သတ္တ၀ါများအကျိုး
အတွက်မင်္ဂလသုတ်၊သိင်္ဂါလောဝါဒသုတ်စသောလူမှုကျင့်ဝတ်ဘာသာမှသည်သစ္စာလေးပါးမြတ်တရားကိုမဏ္ဍိုင်ပြု၍
သံသရာမှထွက်မြောက်ခြင်းကို လမ်းညွှန်ပြီး ကုဋေပေါင်းများစွာသော သတ္တ၀ါများကို
နိဗ္ဗာန်ပန်းတိုင်သို့
ဝင်ရောက်စေခဲ့ခြင်းသည်တုနှိုင်းမရသောအနှိုင်းမဲ့ပရဟိတလုပ်ဆောင်သူဟုဆိုထိုက်ပေမည်။ဘုရားရှင်ဟောကြားခဲ့သော
ဓမ္မနှင့် ၀ိနယခေါ် ကျင့်ဝတ်စီးကမ်းနှင့် တရားဓမ္မတို့သည်လည်း
ဟောကြားပြီးချိန်မှစ၍ ယခုအချိန်ထိလောကသားတိုင်းအပေါ် ထာဝရကျေးဇူးရှိနေသော
ပရဟိတလမ်းညွှန်မှုများ အများအပြားပင် ဖြစ်သည်။ထိုတရားဓမ္မများမှ
လူတိုင်းလိုက်နာကျင့်သုံးသင့်သော တရားဓမ္မများမှ “ပြည့်စုံသူနှင့် မပြည့်စံသူ
ရှိသူနှင့်မရှိသူတို့အပေါ်ခွဲခြားဆက်ဆံမှုမရှိတူညီသောချစ်ခြင်းပေးနိုင်သည့်မေတ္တာ၊မပြည့်စုံသူ၊မရှိသူတို့အပေါ်ကူညီထောက်ပံ့လိုသည့်ကရုဏာ၊မိမိပြုလုပ်လိုက်သောကူညီမှုကြောင့်တခဏတာပင်ဖြစ်စေသက်သာရာရသွားသူတို့အပေါ်ဝမ်းမြောက်မိသည့်မုဒိတာ၊မိမိ၏ကောင်းမှုပြုခြင်းအပေါ်မနာလိုမရှုစိတ်ဖြင့်
ဝေဖန်ပုတ်ခတ်နေသော  ပါတ်ဝန်းကျင်ကိုလည်း ဥပေက္ခာပြုပြီး “ ဤဗြဟ္မစိုရ်တရားလေးပါးနှင့်
အများအကျိုးဆောင်ရွက်ပါက လူ့တာဝန် ကျေပြွန်သော မဟာလူသား ပရဟိတ လုပ်သူ ဟု
ခေါ်စမှတ်ပြုရပေမည်။

မြတ်ဘုရား၏ ပရဟိတ လမ်းညွှန်ချက်များကို ဆရာတော် သံဃာတော်များ၊ တပည့်ဒါယကာ
ဒါယိကာမများ
အစဉ်အဆက်လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြရာယနေ့မျက်မှောက်ခေတ်ကာလတွင်သီတဂူအဓိပတိဆရာတော်ကြီးသည်
ပရဟိတလုပ်သူများ၏ ဦးဆောင်ဆရာတော်ပင်ဖြစ်သည်။ သီတဂူဆရာတော်ကြီးကို
မြန်မာနိုင်ငံသားအများစုက *“လူ့ဘ၀ကြီးထဲကိုအများအကျိုးဆောင်ရွက်နိုင်ဖို့အတွက်
မွေးဖွားလာသူ”* ဟုပြောဆိုကြသည်။

ဆရာတော်ကြီးသည် လူအများပြောဆိုသည့်အတိုင်း
အများအကျိုးဆောင်ရွက်ရာမှာ စေတနာကိုအရင်းခံ၊၀ါသနာကိုအကြောင်းပြ၊
အရာရာတိုင်းမှာလည်း အနစ်နာခံနိုင်သူဖြစ်၍ နာသုံးနာနှင့်ပြည့်စုံပြီး ပရဟိတအလုပ်ဖြင့်ပင် ပျော်မွေ့နေသူဖြစ်သည်။

               ငါတို့ဖြစ်ရ၊ဤလောက၀ယ်

               ဘ၀သမိုင်း၊ မရိုင်းစေရန်

               စိတ်မာန်မချ၊ မာနမပါ

               တို့စွမ်းရာဖြင့်၊ တို့သာသနာ

               တို့ပြည်ရွာကို၊ သာယာစေမှု

                လုံ့လပြုအံ့။
ဟူသော သီတဂူအဓိဌ္ဋာန်ကို လက်ကိုင်ပြု၍
သီတဂူဆရာတော်ဦးဆောင်မှုအောက်တွင် သီတဂူသာသနာပြုအဖွဲ့မှ လက်တွေ့အကောင်အထည်ဖော်သော စစ်ကိုင်း၊မန္တလေး၊ရန်ကုန်တို့တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၊ အများပြည်သူကျန်းမာရေးအတွက် နိုင်ငံတ၀ှမ်း
ဖွင့်လှစ်ပြီး ဖွင့်လှစ်ဆဲဖြစ်သော အခမဲ့ကုသိုလ်ဖြစ်ဆေးရုံပေါင်း (၂၀)ကျော်၊ ကလေးများ၏ပညာရေးအတွက် စာသင်ကျောင်းပေါင်းများစွာနှင့် သီတဂူရေပေးဝေရေးအလှူများသည် ထင်ရှားသောပရဟိတ အလုပ်များပင် ဖြစ်သည်။

သီတဂူဆရာတော်ကြီးပြီးလျှင် လေးစားအားကျဖွယ်ကောင်းသော ပရဟိတလုပ်ဆောင်သူမှာ
နာရေးကူညီမှုအသင်း၏ ဦးကျော်သူပင်ဖြစ်သည်။
"အနိမ့်ကျဆုံးသော ကုသိုလ်မျိုးသည်
မြင့်မြတ်သောစိတ်ဓာတ်ရှိသူတို့၏ အလုပ်ဖြစ်သည်” ဟုခံယူထားသော
ဦးကျော်သူဦးဆောင်သည့်နာရေးကူညီမှုအသင်းသည် လူမျိုးဘာသာမရွေး ဆင်းရဲချမ်းသာမရွေး ခုနှစ်ရက်သားသမီးတို့၏ နာရေးကိစ္စအ၀၀ကို
အခမဲ့ကုသိုလ်ဖြစ်လုပ်ဆောင်နေသလို ကျန်းမာရေးချို့တဲ့သူများအတွက်လည်း
အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းတို့ကို ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော ပရဟိတအသင်းအဖွဲ့ဖြစ်သည်။ ထိုနာရေးကူညီမှုအသင်းသည်
 
အရွယ်အလိုက်
အဖိုးမထိုက်သော၊
အရိုးသာရင့်၊
ဥာဏ်မပွင့်သော၊
အသက်သာတိုး၊
အသိမတိုးသော၊
အချိန်သာဆုံး
လူမသုံးသော
အယူသီး အစွဲမှား မိစ္ဆာဒိဌ္ဋိ အယူရှိသူများနှင့် အမှန်အမှား
အကောင်းအဆိုးကို ခွဲခြားမသိသော အချို့သော အစိုးရပိုင်း ဌာနအရာရှိများ၏
အတားအဆီး အနှောင့်အယှက် အဟန့်အတားများကြားမှ ခန္တီ+မေတ္တာကို ကျင့်သုံး၍ ပရဟိတ
အလုပ်ကို ခက်ခက်ခဲခဲ လုပ်ဆောင်နေကြရသည်။ မည်သို့ပင်ဖြစ်စေ
နာရေးကူညီမှုအသင်းသည် စစ်ကိုင်းရွှေဟင်းသာဆရာတော်ဘုရားကြီး၏
*အများအကျိုး၊ရွက်သည်ပိုးက
ခနိုးခနဲ့၊ဆိုးကဲ့ရဲ့လည်း၊
မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊
စိတ်ကောင်းနှင့်ယှဉ်၊ရှေးရှုနှင်လော့…*
ဟူသည့်အဆုံးအမ
သြ၀ါဒလင်္ကာအတိုင်း အများစု၏နှိမ့်ချကဲ့ရဲ့ဝေဖန်မှုကို အလေးမမူ၊အမားစု၏ အယူသည်းမှုများကို အာရုံမပြု
အများစု၏ ဖိအားပေးမှုကို ဂရုမစိုက်ဘဲ အများအကျိုးအတွက်
ရဲဝင့်စွာဆက်လက်ချီတက်နေမည့် ပရဟိတအသင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် ပရဟိတလုပ်ဆောင်သူများ၏ ရှေ့သွားခေါင်းဆောင်များဖြစ်သော
ခရစ်ယာန်ဆရာမကြီး မာသာထရီဆာ၊ မိမိပိုင်ဆိုင်သည့်ငွေများမှ ထက်ဝက်မက လှူဒါန်းပြီးဖြစ်သော
ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ဘီလ်ဂိတ်တို့၏ ဆာလောင်နေသူများ၊အ၀တ်မဲ့
အစားမဲ့များ၊အိုးမဲ့အိမ်မဲ့များ၊မသန်စွမ်းသူများ၊ရောဂါဝေဒနာရှင်များအတွက် မိဘမဲ့ကျောင်းများ၊AIDS
ဂေဟာများ၊ကင်ဆာဖောင်ဒေးရှင်းများ၊ပေးကမ်းစွန့်ကျဲရေးဌာနများဖွင့်လှစ်၍ ပရဟိတလုပ်ဆောင်မှုများမှာ လေးစားအားကျအတုယူဖွယ် ဖြစ်သည်။
ထိုကမ္ဘာကျော်ပရဟိတ လုပ်ဆောင်သူများနည်းတူ မိမိတို့မြန်မာနိုင်ငံတွင်လည်း
သီတဂူသာသနာပြုအဖွဲ့၊ နာရေးကူညီမှုအသင်း၊ ဦးလှထွန်း
မေတ္တာရိပ်မွန်(ကင်ဆာ)ဖောင်ဒေးရှင်း၊ ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၊
ပြေတီဦး ပညာရေးဖောင်ဒေးရှင်း စသောပရဟိတလုပ်ဆောင်သူများ၊ပရဟိတအဖွဲ့အစီးများမှာ
နိုင်ငံ့ဂုဏ်ကျက်သရေအသွင်တည်ရှိနေမည်ဖြစ်သည်။ တစ်ဦးကောင်းတစ်ယောက်နှင့်
လုပ်ယူ၍မလွယ်ကူနိုင်သည့်အတွက် အားလုံး
ဝိုင်းဝန်းကူညီပါဝင်ဆောင်ရွက်ကြဖို့လိုသည်။ ဓမ္မပိယဆရာတော်၏
ပရဟိတအလုပ်များဝိုင်းဝန်းကူညီပူးပေါင်းပါဝင်ဖို့အတွက်

မင်းမပါ၊ဘယ်ဟာမပြီး၊
မင်းချည်းတော့လည်း၊ဘယ်ဟာမပြီး၊
သူမပါ ဘယ်ဟာမပြီး၊
သူချည်းတော့လည်း ဘယ်ဟာမပြီး၊
ငါမပါ ဘယ်ဟာမပြီး၊
ငါချည်းတော့လည်းဘယ်ဟာမပြီး၊
မင်း,သူ,ငါ ညီညာစုံမှ၊အလုံးစုံ အကုန်ပြီး၊ပြုကြစုစည်း
ဟု ထီးဆောင်းဆရာတော်ရေးသည့် ကဗျာတစ်ပုဒ်ဖြင့် တိုက်တွန်းထားပေသည်။

ထိုသို့သော ပရဟိတ အသင်းအဖွဲ့များ များများပေါ်ပျောက်လေ နိုင်ငံနှင့်ပြည်သူ
များများအကျိုးရှိလေဖြစ်၍ ရဟန်းရှင်လူ ပြည်သူအများ ပူးပေါင်းပါဝင်ပြီး
ပရဟိတအလုပ်ဖြင့် သမိုင်းတစ်ခေတ်မှာ မှတ်တမ်းတင်နိုင်ဖို့
တိုက်တွန်းလိုက်ပါသည်။ ။

                           
Posted by-
Ashin Kavinda
Alinnthit Library (16-6-16)                  
*လွတ်လပ်မောင်(စလင်း)*
*အလင်းသစ် စာကြည့်တိုက်*
*သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်*
*(2014) နှစ်ပါတ်လည် မဂ္ဂဇင်းတွင်ဖော်ပြပြီး*
*စာရေးသူ၏ ဒုတိယမြောက် ဘာသာရေးဆောင်းပါး*


  *ကိုယ်ရေးအကျဉ်း*

*၁။ ဘွဲ့= အရှင်က၀ိန္ဒ*

*၂။ကလောင်= လွတ်လပ်မောင် (စလင်း)*

*၃။No.= SIBA.YGN-000468*

*၄။Class = Intermediate Level 2014*

*၅။School= SITAGU ACADEMY *






No comments:

Post a Comment