Friday, June 17, 2016

" သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ "

     မြတ်စွာဘုရား၏ မဟာသာဝကဖြစ်တော်မူသော အရှင်မဟာကဿပ ရဟန္တာမထေရ်မြတ်ကြီးသည် ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် "တာဝန်သိသူမှာ တာဝန်ရှိသည်"ဟူသော ခံယူချက်ဖြင့် အနာဂါတ်သာသနာရေးအတွက် အရှင်အာနန္ဒာ,အရှင်ဥပါလိစသော ရဟန္တာငါးရာ ဦးဆောင်လျှက် ဘုရင်အဇာတသတ်မင်ကြီး၏ အထောက်အပံ့ခံယူကာ ဘုရားရှင်ဟောကြားခဲ့သော တရားတော်များ ဘုရားရှင်ပညတ်တော်မူခဲ့သော ၀ိနည်းဥပဒေများကို တာဝန်သိသိ"ပထမ သင်္ဂါယနာ"တင်တော်မူခဲ့သည်။ ထေရ၀ါဒသာသနာသမိုင်းတွင် (၆)ကြိမ်တိုင်တိုင် မြတ်စွာဘုရား၏ ဓမ္မနှင့် ၀ိနယများကို ဦးဆောင်သူနှင့် လိုက်ပါသူ, ဆရာနှင့် ဒကာ ဟန်ချက်ညီစွာ သင်္ဂါယနာ အဆက်ဆက် တင်တော်မူခဲ့သည်။

     ယခုလက်ရှိ သာသနာတော်တွင်လည်း ဆရာတော်အမျိုးမျိုး ဒကာအထွေထွေ သာသနာတော်ကို အားကြိုးမာန်တက် ချီးမြောက်ထောက်ပံ့မှုတွေ ပြုလုပ်နေကြသည်၊ သို့သော် ပြုလုပ်သူများမှာ ရာနှုံးအားဖြင့် နည်းပါးနေသေးသည်ဟု သုံးသပ်မိပါသည်။ သာသနာတော်အတွက် ဆောင်ရွက်ချက်များမှာလည်း ဦးဆောင်သူနှင့်လိုက်ပါသူ,ဆရာနှင့် ဒကာ သဘောထား ညီညွတ်စွာဖြင့် ပြုလုပ်နေမှုက ပို၍ပင် နည်းပါးလေ၏။ ယခင် အတိတ်ကာလမှာ အာရှတိုက်ကို "အရိယတိုက်(မြင့်မြတ်သော ကျွန်းကြီး" ဟု ခေါ်စမတ်ပြုကြသော်လည်း ယခုခေတ် ဘာသာကြီးလေးခုတွင် ဗုဒ္ဓဘာသာသည် မွတ်ဆလင်ဘာသာ,ခရစ်ယန်ဘာသာ, ဟိန္ဒူဘာသာတို့နောက် ရောက်ရှိနေသည်ကား ထင်ရှားသော ဥပမာတစ်ခုဖြစ်သည်။ ဗုဒ္ဓဘာသာမှလွှဲ၍ ကျန်ဘာသာကြီးများ အားကောင်းလာသော်လည်း မိမိတို့ဗုဒ္ဓဘာသာမှာ တိုးတက်မလာပဲ ရပ်တန့်နေသည်ဟု ခံစားမိပါသည်။

     ကမ္ဘာပေါ်တွင် ထေရ၀ါဒငါးနှိုင်ငံ (မြန်,ထိုင်း,သီရိလင်္ကာ,ကမ္ဘောဒီးယား,လာအို) နှင့် တရုတ်,ဂျပန်,တောင်ကိုးရီးယားစသော နိုင်ငံအများစုတွင် နိုင်ငံရေး, စီးပွါးရေး,ပညာရေးများ တိုးတက်အားကောင်းလာသော်လည်း  ဘာသာရေးဘက်မှာတော့ အားနည်းနေသည်ဟု ဆိုရပေမည်။ ဘာသာရေးတိုးတက်မလာခြင်းသည် ဦးဆောင်သူဆရာနှင့် လိုက်ပါသူဒကာများမှာ အဓိကတာဝန်ရှိသည်ဟု ပြောပါက လွန်မည်မထင်။ ဆရာသည် သာသနာအတွက် ချီးမြောက်ရာတွင် ရှေ့သို့ ဖြောင့်တန်းစွာ ဦးဆောင်သကဲ့သို့ ဒကာသည်လည်း နောက်မှ တည့်မတ်စွာဖြင့် အတူလက်တွဲ လိုက်လာဖို့လိုအပ်သည်။
မြန်မာနိုင်ငံရှိ ဆရာတော်အများစုမှာ မိမိကျောင်တွင် စာချစာသင်,ဥပုသ်နေ့ သီလပေး,လှူရေးတန်းရေးရှိမှ အနုမောဒနာတရားဟောကြားပြီး မိမိကိုယ်မိမိ သာသနာပြုနေသည်ဟု အဟုတ်ကြီး ထင်မှတ်နေကြသည်။ နောက် ဆရာနည်းအတူ အစိုးရမင်းမှစပြီး အောက်ချေလူတန်းစားအထိ ဒကာအများစုမှာလည်း အသုဘရှိမှ ဆွမ်းသွပ် အလှူပေး,လပြည့်လကွယ်ရောက်မှ ဥပုသ်စောင့်,သင်္ကြန်းတွင်းရောက်မှ တရားစခန်းဝင်နေလျှင်ဖြင့် ဒီသာသနာတို့တက်လာဖို့ လမ်းမမြင်။ ဆရာတော်သံဃာများသည်လည်း တိုးတက်လာသော ခေတ်စနစ်နှင့်အညီ ဘာသာရေးများ ဦးဆောင်မှု,သင်ကြားမှု,ဖြန့်ဝေမှုများ အဓိကထားလုပ်ဆောင်ဖို့ လိုအပ်သလို အစိုးရပိုင်းဆိုင်ရာ အဖွဲ့အစည်းများကလည်း သီရိလကာင်္နိုင်ငံကို အတုယူကာ မသင်မနေရ မလုပ်မနေရ ဘာသာရေးစနစ်တစ်ခုအဖြစ် "ဖြစ်နိုင်လျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပင် ပြဋ္ဌာန်းပေးပြီး" အားပေးချီးမြောက် ထောက်ပံ့ဖို့ လိုအပ်ပါသည်။

   မွတ်ဆလင်ဘာသာအများစုနေထိုင်သော အီရန်နိုင်ငံတွင် တက်လာသော သမ္မတများမှာ မွတ်ဆလင်ဘာသာရေးဆရာများ၏ အဆုံးအမများအတိုင်း သေဆို သေ,ရှင်ဆို ရှင် လိုက်နာရပေ၏။ ထို့အတူ ခရစ်ယန်ဘာသာဝင် အနောက် ဥရောပနိုင်ငံအများစုတွင်လည်း ပုတ်ရဟန်းမင်းကြီးစသော ဘာသာရေးဆရာများ၏ အဆုံးအမများအတိုင်း နိုင်ငံကိုဦးဆောင်နေကြပါသည်။ စာရေးသူတို့မြန်မာနိုင်ငံမှာတော့ ဆရာတော်သံဃာတော်များ၏ သာသနာရေးဆောင်ရွက်ချက်များ စွမ်းစွမ်းတမံ အားထုပ်နေပါသော်လည်း ဒကာအများစုတွင် ရှေ့မှ ဦးဆောင်ဖို့နေနေသာသာ နောက်ကပင်မလိုက်ချင်ကြပေ။ အခြားသောဘာသာဝင်များ၏ အစိုးရမင်းများကဲ့သို့ ဘာသာရေးဆရာတော်များ၏ သြ၀ါဒကို မခံယူချင်နေပါ,မလိုက်နာချင်နေပါ၊ သို့သော် ဆရာတော်သံဃာတော်များ၏ ဘာသာရေးဆောင်ရွက်မှု သာသနာရေးအလေးထားမှုများကိုတော့ မဖျက်ဆီးကြပါနှင့်ဟု ပြောပါရစေ။

     စောစောပိုင်း နှစ်တွေက လက်ပန်းတောင်းအရေးမှာ ဆရာသံဃာတော်များကို "ပွင့်လင်းသော ညှိနှိုင်းမှု,မှန်ကန်သော ဖြေရှင်းမှုတို့ဖြင့် မကျိုးစားပဲ မျက်ရည်ယိုဗုံးဟု ဆိုသော်လည်း မီးလောင်စေသောဗုံးဖြင့် နှိပ်စက်မှုသည် ထေရ၀ါဒ ဦးဆောင်နိုင်ငံဟု ကြွေးကျော်ထားသော မိမိတို့နိုင်ငံမှာ အလွန်အင်မတန် အရှက်ရစေသော သမိုင်းဆိုးအပြုအမူတစ်ခုပင်"ဖြစ်သည်။ ဤသို့သော အမှားမျိုး နောင်မကြူးလွန်ဖို့ လိုအပ်သလို ဆရာသံဃာတော်များသည်လည်း ဘာသာသာသနာအရေး တိုင်ပြည်နှင့်လူမျိုးအရေးများကို ကိုင်တွယ်ဖြေရှင်းလိုပါလျှင် ကျေးဇူးရှင် သီတဂူဆရာတော်ကြီး မိန့်ကြားသကဲ့သို့ "စီတန်းလှည့်လည်ခြင်း ဆန္ဒထုပ်ဖော်ခြင်းထက် သံဃာများစွာစုဝေးပြီး စုပေါင်းလက်မှတ်ထိုး၍ သမ္မတဆီတိုင်ကြားခြင်း"မျိုးဖြင့် ဆရာဒကာ ပဋိပက္ခမများအောင် ဘာသာလူမျိုးသိက္ခာရှိအောင် ပြောင်းလဲလုပ်ဆောင်သင့်ပါသည်။

     ထို့နောက် ဆရာသံဃာတော်များ တပည့်ဒကာ ဒကာမများအပေါ် ဆိုဆုံးမလျှင် သူတော်လာအောင်,သူကောင်းလာအောင်,သူတော်ကောင်းလေးများဖြစ်လာစေဖို့ သူတော်ကောင်း လက္ခဏာနှင့်အညီ ဆိုဆုံးမရန် စာရေးသူအကြံပြုလိုပါသည်။ စာရေးသူ ငယ်စဉ်က ရခဲ့ဖူးသော ကဗျာအပိုင်းအစလေးကို အမှတ်ရမိပါသည်။

"သူတော်ကောင်း သူတော်ကောင်း သူတော်ရင်လည်း ကိုယ်ကကောင်း ဒါမှ သူတော်ကောင်း"
"သူတော်ကောင်း သူတော်ကောင်း သူမတော်လည်း ကိုယ်ကကောင်း ဒါမှ သူတော်ကောင်း"
"သူတော်ကောင်း သူတော်ကောင်း သူတော်အောင်လည်း ကိုယ်ကကောင်း ဒါမှ သူတော်ကောင်း"
ဟု မှတ်သားမိဘူးပါသည်။

      ဤကဗျာအဆိုအရ သူတော်ကောင်းလေးတွေဖြစ်လာစေဖို့ မိမိကစပြီး "သူတော်ရင် ကိုယ်ကောင်းသလို သူမတော်လည်း ကိုယ်ကောင်းနိုင်ပြီး သူတော်လာအောင်လည်း ကိုယ်ကောင်းဖို့"လိုအပ်ပါသည်၊ ဆရာသံဃာတော်များသည် ငယ်စဉ်ကစပြီး ဗုဒ္ဓဘာသာပညာရေးများ သင်အံလေ့ကျက်ခဲ့သည့်အတွက် သူတော်ကောင်းဓါတ်ခံရှိပြီးသူများဖြစ်၍ တပည့်ဒကာများအပေါ် "သူတော်ကောင်းလေးများ ဖြစ်လာစေဖို့" ဆိုဆုံးမကြပါဟု တိုက်တွင်းအပ်ပါသည်။

     ယနေ့ လူသားအားလုံးသည် မွေးဖွားလာပြီး အသိဉာဏ်လေးရလာချိန်မှစ၍ ပညာ,ဥစ္စာ,ရာထူး,အာဏာ,အောင်မြင်မှု,ကျော်ကြားမှု,ချမ်းသာမှုများကို လိုချင်နေကြပေသည်။ ထိုပညာ,ဥစ္စာ,ရာထူး,အာဏာများကို ရှာဖွေရာတွင်လည်း သူတော်ကောင်းတို့ မချီးမွမ်းသော,သူတော်ကောင်းလမ်းစဉ်မှ သွေဖယ်သော "အမှောင်မောဟ ဖုံးလွမ်းသော"ရှာဖွေနည်းများဖြင့် မရှာသင့်ပေ။

     အမှောင်မောဟသည် (၃)မျိုးရှိရာ
(၁)အပရိပတ္တိမောဟ=အမှန် အမှား,အကောင်း အဆိုး လုံးဝမသိသောမောဟ
(၂)၀ိပရိပတ္တိမောဟ=အမှန်ကို အမှား,အမှားကို အမှန်,အကောင်းကို အဆိုး,အဆိုးကို အကောင်းဟု ဆန့်ကျင်လျှက်သိနေသောမောဟ
(၃)၀ိဇ္ဇာပရိပတ္တိမောဟ=အမှန် အမှား,အကောင်း အဆိုးကို ခွဲခြားသိနေသော်လည်း ငါ့အတွက် အကျိုးရှိလျှင် အမှန်, ငါ့အတွက် အကျိုးမရှိလျှင် အမှား, ငါ့အတွက် အကျိုးဖြစ်လျှင် အကောင်း, ငါ့အတွက် အကျိုးမဖြစ်လျှင် အဆိုးဟု ဆိုးရွာစွာသိနေသောမောဟ တို့ပင်ဖြစ်သည်။

     ဤမောဟသုံးမျိုး ဖုံးလွှမ်းမိသော,ဤမောဟသုံးမျိုးဖြင့် ရှာဖွေမိသော ပညာ,ဥစ္စာ,ရာထူး,အာဏာတို့သည် ယခုပစ္စုပ္ပန်ဘ၀တွင်လည်း စိုးရိမ်သောက ဗျာပါဒများဖြင့် ဘ၀ဆုံးရပြီး,နောင်သံသရာတွင်လည်း သုဂတိရောက်ဖို့မလွယ် အပါယ်ငရဲသို့သာ သက်ဆင်းတက်၍ "မောဟသုံးပါးမှ လွတ်အောင်ကျိုးစားကာ မိမိ အသိအလိမ္မာ ဉာဏ်ပညာဖြင့် အမှန်အမှား အကောင်းအဆိုးများကို တွေးတောဆင်ခြင်ပြီး" သူတော်ကောင်းတရားများ လိုက်နာကျင့်သုံးသော ပညာရှိသူတော်ကောင်းများ ဖြစ်လာရန် ကျိုးစားသင့်ပါသည်။

     နိုင်င်ငံတစ်ခုတွင် မည်မျှပင် ပညာရေး စီးပွါးရေး အားကောင်းစေကာမူ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဘာသာရေးအနှစ်သာရ သူတော်ကောင်းတရားမရှိပဲ အေးချမ်းသာယာသော နိုင်ငံအဖြစ် ပြီးပြည့်စုံသောနိုင်ငံအဖြစ် မရပ်တည်နိုင်ပေ။ မြတ်စွာဘုရားဟောကြားခဲ့သော ဓမ္မသောဏ္ဍကဇာတ်တော်ကို သာဓကထုပ်တင်ပြရလျှင်

     ဘုရားလောင်း ဓမ္မသောဏ္ဍကမင်းကြီး ကဿပဘုရားရှင်၏ သာသနာပကာလ၌ မေတ္တာတရားလက်ကိုင်ထားပြီး တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသော်လည်း
ပွင့်တော်မူပြီးသော ဘုရားရှင်များ၏ သူတော်ကောင်းတရားများ မနာကြားရသည့်အတွက် မိမိကိုယ်မိမိ ပြီးပြည့်စုံသည်ဟု မထင်မှတ်၍ စိတ်နှလုံးပင်ပန်းတော်မူခဲ့ဖူးသည်။ ဘုရားလောင်း ဓမ္မသောဏ္ဍကမင်းကြီးသည် သူတော်ကောင်းတရားနာကြားရဖို့အတွက်
စစ်သူကြီးရာထူး သူဌေးရာထူး အိမ်ရှေ့မင်းရာထူး နောက်ဆုံး တိုင်းပြည်အုပ်ချုပ်မင်းလုပ်ခွင့်ပေးပါမည် မိမိက ကျွန်အဖြစ်တစ်သက်လုံးနေပါမည် သူတော်ကောင်းတရားဟောကြားလှည့်ပါဟု ဖိတ်ခေါ်သော်လည်း သူတော်ကောင်းတရားနာယူလိုသော ဆန္ဒမပြည့်ဝခဲ့ပေ။ ဘုရားလောင်း ဓမ္မသောဏ္ဍကမင်းကြီး သူ၏ဆန္ဒပြည့်ဝဖို့အတွက် တိုင်းပြည်ကိုမင်းမှုထမ်းများ အပ်နှံ၍ တိုင်းပြည်အနှံ မြို့ရွာ ဇနပုဒ်ပါမကျန် ရှာဖွေမရပဲ တောကြီးထဲဝင်ပြီး သူတော်ကောင်းတရားရှာဖွေခဲ့လေသည်။

     ထိုအခါ ဘုရားလောင်း ဓမ္မသောဏ္ဍကမင်းကြီး၏ သူတော်ကောင်းတရားနာယူလိုသော ဆန္ဒအာသီသအာနုဘော်ကြောင့် တာဝတိံသာနတ်ပြည်ရှိ သိကြားမင်းသည် "ဇမ္ဗူဒိတ်တစ်ကျွန်းလုံး လိုက်ရှာသော်လည်း သူတော်ကောင်တရား ရှာဖွေတွေ့ရှိမည် မဟုတ်သော ဓမ္မသောဏ္ဍကမင်းကြီးကို ကူညီပေးလို၍" မိမိ၏ သိကြားမင်းအသွင်ပယ်ဖျောက် ကြောက်စရာကောင်းသော ဘီလူးအသွင်ယူကာ ဓမ္မသောဏ္ဍကမင်းကြီးနှင့် သွားတွေ့လေသည်။ ဘုရားလောင်း ဓမ္မသောဏ္ဍကမင်းကြီးသည် တောကြီးအတွင်း ဘီလူးနှင့်တွေ့သော်

     "အို ဘီလူး သင်သူတော်ကောင်းတရား သိလျှင် ဟောကြားပါလော့ နာယူလိုပါသည်ဟု တောင်းပန်သည်"
ဘီလူးက
     "အိုမင်းကြီး ငါသည် အစာအာဟာရပျက်လက်နေ၍ ရှာလောင်မွတ်သိပ်နေပါ၏ သင်မင်းကြီးကိုလည်း ကူညီလိုပါ၏ သင်မင်းကြီး အကယ်၍ သူတော်ကောင်းတရားနားယူလိုပါလျှင် ဤသုံးဂါဝုတ်မြင့်သောတောင်ပေါ်မှ ကျွန်ုပ်၏ ခံတွင်းသို့ ခုန်ချပါလော့၊ သင်မင်းကြီး ခုန်ချစဉ်မှာပင် ကျွန်ုပ်သည် ပွင့်တော်မူပြီးသော ဘုရားရှင်များ၏ သူတော်ကောင်းတရားများကို ဟောကြားပေးပါအံ့၊ ဤသို့ပြုလျှင် သင်မင်းကြီးလည်း သူတော်ကောင်းတရားနာရအံ့၊ကျွန်ုပ်လည်း အစာစားရအံ့"
ဟုပြောကြားလေ၏။ ဘုရားလောင်း ဓမ္မသောဏ္ဍကမင်းကြီးသည် သူတော်ကောင်းတရားနာကြားရမည်ဟု ၀မ်းမြောက်ဝမ်းသာဖြစ်လျှက် တုန်လှုပ်သော စိတ်မရှိပဲ ဓမ္မအတွက် အသက်စွန့်ကာ တောင်ပေါ်မှ ဘီလူး၏ခံတွင်းသို့ ခုန်ချလေ၏။ ထိုအခါမှ ဘီလူးယောင်ဖန်တင်းထားသော သိကြားမင်းသည် ဘီလူးအသွင်မှ နတ်အသွင် ပြန်လည်ဖန်ဆင်း၍ ဘုရားလောင်း ဓမ္မသောဏ္ဍကမင်းကြီးကို လက်နှစ်ဖက်ဖြင့် ဆီးကြိုခံယူကာ ပန်း,နံ့သာတို့ဖြင့် ပူဇော်ပြီး ပွင့်တော်မူပြီးခဲ့သော ဘုရားရှင်များ၏ေ သနာတော်များမှ

   "အနိစ္စာ ၀တ သင်္ခါရာ၊ ဥပ္ပါဒ ၀ယ ဓမ္ပိနော။
     ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ၀ူပသမော သုခေါ။"
ဟူသော တရားဒေသနာ သူတော်ကောင်းတရားကို ဟောကြားပေးခဲ့လေသည်။ ထိုအခါမှ ဘုရားလောင်း ဓမ္မသောဏ္ဍကမင်းကြီးလည်း ၀မ်းမြောက်ဝမ်းသာစွာဖြင့် သူတော်ကောင်းတရားများကို နှလုံးသွင်း၍ မိမိတိုင်းပြည်သို့ပြန်ကာ မင်းကျင့်တရားနှင့်အညီ တိုင်းပြည်ကို ဆက်လက်စီမံအုပ်ချုပ်ခဲ့လေသည်။

   ဤဇာတ်တော်တွင် တရားပိုင်ရှင်ဖြစ်လာမည့် ဘုရားလောင်း ဓမ္မသောဏ္ဍကမင်းကြီးသည် သူတော်ကောင်းတရား ရှာမှီးဖို့အရေး,သူတော်ကောင်းတရားနာကြားရဖို့အရေးအတွက် အသက်ပင်စွန့်ပြီး ရှာခဲ့ရ နာကြားခဲ့ရပါသည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင် ရှိနေပြီးသော ဘုရားရှင်၏ ဒေသနာတော်များ ဘာသာရေးအနှစ်သာရ သူတော်ကောင်းတရားများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေကြသော ဆရာတော်သံဃာတော်များနှင့် သူတော်ကောင်းတရားကို နာကြားလိုသော ဒကာ,ဒကာမများသည် မြန်မာနိုင်ငံ အမျိုး,ဘာသာ,သာသနာတော်အတွက် ဆရာ,ဒကာညီညွတ်စွာဖြင့် မေတ္တာ ကရုဏာ၊ မုဒိတာစသော ဗြဟ္မစိုရ်တရားများကို လက်ကိုင်ထားပြီး မိမိတို့၏ အရည်အသွေး " စံ "တစ်ခုအဖြစ် မှတ်ယူပြီး လိုက်နာကျင့်သုံးဖို့ လိုအပ်ပါသည်။

     နိဂုံးချုပ်ဆိုရသော် သူတော်ကောင်းတရား ထွန်းကားသော တိုင်းပြည်တွင် သူတော်ကောင်း အရိပ်အငွေ့များကိုသာ မြင်တွေ့လိုပါသည်။ သူတော်ကောင်းတို့ စိတ်နှလုံးကို မချမ်းမြေ့စေသော၊ သူတော်ကောင်းတို့ နှလုံးသားကို နာကျင်ကြေကွဲစေသော အပြုအမူ၊ အပြောအဆိုများကို မမြင်တွေ့လိုတော့ပါ။ မြန်မာတိုင်းရင်းသာ ဗုဒ္ဓဘာသာဝင်တို့သည် ဆိုးရွားခဲ့တဲ့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ချင်ပါသည်။ ပြန်တွေးမိတိုင်း ပြည်သူတို့၏ နှလုံးသားကို တမြေ့မြေ့ နာကျင်လောင်ကြွမ်းစေသော ဒဏ်ရာများကို မဖန်တီးကြပါနှင့်ဟု ဆရာ၊ ဒကာများနှင့် အစိုးရမင်း ပြည်သူများအား တိုက်တွင်းလိုက်ပါတော့သည်။
   "သူတော်ကောင်းတရား နေရာတိုင်း၊ လူတိုင်းမှာ ထွန်းတောက်ပါစေ။"

ကလောင်အမည်
လွတ်လပ်မောင်(စလင်း)
"သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(2013)နှစ်ပါတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပြီး"
"စာရေးသူ၏ ပထမဆုံးသော ဘာသာရေးဆောင်းပါး 2013"

Posted by -
Ashin Kavinda
Alinnthit Library (16-6-16)






No comments:

Post a Comment