Thursday, June 30, 2016
" ငါ့မျက်ရည်တွေ ဘယ်ကိုရောက် "
02. 12. 2009- ညနေ 8:30 ခွဲအချိန် (အိန္ဒိယစံတော်ချိန်)
အင်တာနက်ကနေ လာပြီး အကြောင်းကြားတယ်၊ ရွာက အဖေ မြန်မာစံတော်ချိန် ညနေခြောက်နာရီခွဲလောက်မှာ ဆုံးသွားပီတဲ့…
ရင်ထဲက ဘာတစ်ခုမှ ပေါ်မလာပါလား၊ ၀မ်းနည်းရမယ်ထင်တယ်၊ ဟုတ်တယ် ၀မ်းနည်းရမယ့် အလုပ်၊ ၀မ်းနည်းရမယ့် အဖြစ်ပေပဲ၊ ငါဝမ်းမနည်းခဲ့ဘူး၊ ဘာဖြစ်ပါလိမ့်၊ သဘာဝကိုများ ဆန့်ကျင်မိတာလား၊ အဖေ့ကို မချစ်ခဲ့လို့လား၊ အဖေ့ကို မုန်းဘူးလို့လား၊ အဖေ့ကို မချစ်တော့တာလား၊ မဟုတ်ဘူးတဲ့၊ အဖေ့ကို ချစ်တာပေါ့၊ ငါက ပုထုဇဉ်ပဲဟာ၊ အမေ့ကိုလည်း ချစ်နေတာပဲ၊ ပုထုဇဉ်လေ၊ အချစ်အမုန်းတွေ နှလုံးသားမှာ ပြုံးတီးသွားခဲ့ပီမှ မဟုတ်သေးတာ၊ အဖေ့ကိုလည်း ချစ်တယ်၊ အမေ့ကိုလည်း ချစ်တယ်၊ ညီကိုမောင်နှမတွေ ကိုလည်း ချစ်သေးတာပဲ၊ အဖေ-သေတာကို ဘာလို့ ၀မ်းနည်းပူဆွေး မျက်ရည်သွေးတွေမကျဘဲ ရင်မှာလောင်မြိုက် မဖြစ်ရတာပါလိမ့်ဆိုပြီး စဉ်းစားမိတယ်၊ ညအိပ်ရာဝင်ခဲ့တော့လည်း ၀မ်းနည်းစိတ်ကို ရှာနေမိတယ်၊ ချက်ချင်းမို့ ငါ့မျက်ရည်တွေ မလာတာဖြစ်လိမ့်မယ်၊ တစ်စိမ့်စိမ့်တော့ မျက်ရည်တွေ မိုးလိုရွာချကြလိမ့်မယ်ပေါ့၊ ဟင့် အင်း… တကယ်ပဲ မျက်ရည်က မကျခဲ့၊ ဟင့်အင်း… တကယ်ပဲ ၀မ်းနည်းပူဆွေးမှုတွေ မဖြစ်ခဲ့၊ ဘာကြောင့်ပါလိမ့်၊ ငါ့မျက်ရည်တွေ ဘယ်ဆီရောက်နေကြပါလိမ့်……..
ဘ၀နောက်ကြောင်းကို ပြန်ကောက်ယူခြင်း
၁၃၂၉-ခု၊ ပြာသိုလဆုပ် (၁၂)ရက်၊ သောကြာနေ့နံနက် လေးနာရီအချိန်- မကွေးတိုင်း၊ စလင်းမြို့နယ်ရဲ့ မြောက်ဖျားက ရွာကလေးတစ်ရွာဖြစ်တဲ့ မြေနုဆိုတဲ့ရွာမှာ အဖေဦးစိန်အောင်၊ အမေ ဒေါ်လှအုန်းကနေ ငါ့ကို မွေးဖွားခဲ့တယ်၊ အဲဒီချိန်ကတော့ ငါက ငါမွေးတာကို ဘယ်သိပါ၊ မှတ်မိနိုင်ပ၊ မွေးစလေးကိုး။ မှတ်မိတဲ့အချိန်ကတော့ ငါ ရွာဦးကျောင်းဆရာတော် ဘုရားကြီးထံမှာ စာပေတွေသင်ကြားခဲ့နေပြီပဲ၊ ငါက စာတော်ခဲ့တယ်၊ စာကြိုးစားဘို့ကိုလည်း ဘယ်သူကမှမပြောဘဲနဲ့ ငါ့ဟာငါကို ကြိုးစားခဲ့တယ်၊ စာကိုလည်း အလွန်ပဲ ၀ါသနာပါခဲ့တယ်၊ စာသင်ရတဲ့အလုပ်ကို ပျော်မွေ့ခဲ့တယ်၊ ဆရာတော်က ငါတပည့်လေး စာအလွန်ကြိုစားတယ်၊ သိပ်တော်တယ်ပြောရင် အလွန်ဝမ်းသာခဲ့တယ်၊ အဲဒီအချိန်က ငါ မင်္ဂလသုတ်တို့ ရှင်မဟာသီလ၀ံသရဲ့ ဆုံးမစာတို့ကို သင်နေခဲ့ရပြီ၊ ငါ့အသက်- ရှစ်နှစ်သားအရွယ်မှာ ငါ့-ရွာမှာ စပွင့်တဲ့ အစိုးရမူလတန်းကျောင်းကို ပြောင်းခဲ့ရတယ်၊ အဲဒီအချိန်မှာ ငါက ကျောင်းနေရတယ်ဆိုပေသည့် အဖေနဲ့တူ လယ်ယာကို စောင့်တဲ့အလုပ်တွေ လုပ်နိုင်ခဲ့ပီ၊ အဖေ့ကို အကူညီပေးနိုင်ခဲ့ပီ၊ အမေ့ကို ကူရတာကတော့ ငါ့နောက်က မွေးလာတဲ့ ညီငယ်ညီမငယ်လေးတွေကို ထိန်းရင်း ကျောင်းတက်ခဲ့ရတယ်။
စာမေးပွဲဆိုတာကို ငါတို့တောသားလေးတွေအနေနဲ့ အဲဒီ ငါရှစ်နှစ်သားအရွယ်မှာ စတင်ထိတွေ့ခဲ့တယ်၊ အတွေ့အကြုံမရှိတဲ့ ငါတို့ပထမတန်း တစ်ခုလုံး စာမေးပွဲဖြေပြီးတာနဲ့ ပြန်ဖြေကြရတယ်၊ မဖြေတတ်ကြလို့တဲ့၊ ဒါပေမယ့် အဲဒီနေ့က ငါက အဖေနဲ့တူ တောလိုက်ပြီး ထင်းခုတ်သွားခဲ့တယ်၊ ဆရာတွေကို မေးကြည့်တော့ မင်းကတော့ ပြန်ဖြေဘို့မလိုတဲ့၊ မင်းဖြေတာ အားလုံးမှန်တယ်တဲ့၊ အောင်စာရင်းတွေထွက်ခဲ့တော့၊ ငါက ပထမတဲ့၊ ဒီလိုပဲ ငါသုံးတန်းရောက်တော့ ငါ့အသက်က (၁၀)နှစ်၊ ငါတော်တော်လေး မိဘကို ကူညီနိုင်နေခဲ့ပီ၊ နွားကျောင်းသွားရသည်၊ မနက်နွားကျောင်းပြီး အဖေ့ကို ကူညီရင်း၊ နေ့ခင်း-ကျောင်းတက်ရင်း ကလေးထိန်းပြီး အမေ့ကို ကူညီခဲ့ရသည်၊ စာမေးပွဲတွေဖြေခါနီးတိုင်း ငါကရွာထဲကနေ စာမေးပွဲလာဖြေသည်မဟုတ်၊ ယာခင်းထဲကနေ လာဖြေရသည်၊ အဖေနဲ့တူတူ ပြောင်းဖူးခင်း စပါးခင်း ငရုပ်ခင်း ညအိပ်စောင့်ရသောကြောင့်၊ အတန်းတိုင်းနီးပါးကို နေ့တစ်ဝက်တက်ရသည်က များသည်၊ အဲဒီထဲက ငါ့ခါးမှာ ကျောင်းစာအုပ်တစ်အုပ် အမြဲပါခဲ့သည်၊ နွားကျောင်းရင်း စာကျက်သည်၊ ကလေးထိန်းရင်း စာကျက်သည်၊ ယာစောင့်ရင်း စာကျက်သည်၊ ဂဏာန်းသင်္ချာကိုတော့ ငါတစ်ရက်တွက်ခဲ့ရင် နောက်တစ်ရက်နားနိုင်သည်၊ ငါ့ အတန်းက ကျောင်းသားတွေက နောက်တစ်နေ့တွက်တာတောင် ငါ့ကို မီနိုင်ခဲသည်၊ ငါ-တော်လွန်းလို့မဟုတ်၊ ငါ ကြိုးစားလွန်းလို့သာဖြစ်ခဲ့သည်၊ ငါ့မှာက ကျောင်းကို သူများလို မှန်မှန်မတက်နိုင်ခဲ့၊ ငါတို့တုန်းက အင်္ဂလိပ်စာ မူလတန်းမှာ မသင်ရသေး၊ တစ်နှစ်ကို စာမေးပွဲသုံးခါ ဖြေရသည်၊ ပထမအစမ်း၊ ဒုတိယအစမ်း၊ တတိယ အစဉ်ဆိုပြီးပေါ့။ ဖြေပြီးတဲ့ စာမေးပွဲတိုင်း အောင်စာရင်းထွက်လာရင်- ငါသည် ပထမ၊ မူလတန်းကျောင်းမှာ အတန်း လေးတန်း- ပထမတန်းကနေ စတုတ္ထတန်းထိ၊ စာမေးပွဲ ၁၂-ကြိမ်ဖြေခဲ့ရသည်၊ ဖြေတဲ့အတန်းတိုင်း ငါပထမရခဲ့သည်၊ အဖေလည်း ပြုံးခဲ့သည်၊ အမေလည်း ပျော်ခဲ့သည်။ ကျောင်းသားလေး ဘ၀ထဲက ငါက မိဘကို ငြိုငြင်မှု တစ်စုံတစ်ခုမှ မပြုခဲ့၊ ငါ့အတွက်နဲ့ မိဘ စိတ်မကွက်စေခဲ့၊ ငါသိမှီသလောက်ပေါ့လေ။
လေးတန်းအောင်တော့ ငါ့ အသက်က ၁၂-နှစ်ထဲရောက်ပေါ့၊ အဲဒီမှာ ငါဟာ လယ်သမားလုံးလုံးဖြစ်နေခဲ့ပီ၊ ငါက ယာလည်းထွန်တတ်တသည်၊ နွားကျောင်းသည့်အလုပ်ကတော့ ပထမတန်းကျောင်းသားတည်းက လုပ်ခဲ့ရသည်၊ နွားစားဘို့ မြက်ရိတ်ရသည်၊ နွားနှစ်ယှဉ်းစာကို ငါက ရအောင်လုပ်ခဲ့သည်၊ အဖေသည် ထိုသည့်အချိန်က ထန်းပင် ငါးပင်လောက်နှင့် အချိန်ကုန်ခဲ့သည်၊ အဖေ့က ငါ့ကိုညွှန်ကြားသည်၊ ယာကိုဘယ်လိုထွန်၊ လယ်ကို ဘယ်လိုထွန်၊ နွားကိုဘယ်လိုမောင်း၊ ထွန်ကြောင်းကို ဘယ်လိုဖြောင့်အောင် မောင်း၊ စသည်ဖြင့်ပေါ့၊ ငါက ခန္ဓာကိုယ်သေးကွေးသည်၊ ဒါကြောင့် အဖေက ငါ့ခန္ဓာကိုယ်နီးပါး သစ်သားတုံးတစ်ခုကို ထွန်ပေါ်တင်လို့ရအောင်လုပ်ပေးသည်၊ ငါတစ်ယောက်တည်းလည်း လယ်/ယာ အထွန်သွားခဲ့သည်၊ အဖေနှင့် တူတူလည်း လယ်ထွန်ခဲ့ရသည်၊ ငါလယ်ထွန်သည့်အခါ အဖေ လယ်ကန်သင်းက ထိုင်ကြည့်နေတဲ့ခါများ ငါ့စိတ်ထဲမှာ ပီတီလှိုင်းအဟုန်တွေ တစ်ဖွားဖွားနဲ့ပေါ့၊ သိပ်ဝမ်းသာတာပဲ၊ ငါ အဖေ့ကို ဒီလိုလည်း ကူနိုင်သည်၊ ငယ်ထဲက ကူတာတွေကို ကူတယ်လို့သိပ်မထင်ခဲ့ဘူး၊ အဖေထွန်ပေါ်က ဆင်းရတာကို ပိုပီး ပီတိဖြစ်ခဲ့သည်၊ အဖေက အဲဒီနှစ်ပေါ့၊ လယ်လုပ်တဲ့နေရာမှာ အစေ့ဆန်ချသည့်ခါ ဂျောင်းဆွဲ (ထယ်ကြောင်းပေး) တဲ့အလုပ်ရယ် ထယ်ထိုးတာရယ်၊ အဲဒါလောက်ပဲ လုပ်ရတယ်၊ ကျန်တာ ငါလုပ်ခဲ့တယ်၊ မနက် လယ်ထွန်သွားပီး နေ့ခင်းမှာ ငါနွားနှစ်ယှဉ်းနဲ့ နွားသားအမိအပါဝင် နွားခြောက်ကောင်ကို နွားကျောင်းထွက်သည်၊ နွားကျောင်းရင် မြက်နှုတ်သည်၊ နွားကျောင်းရင်း အမေ့တွက် ထင်းခွေသည်၊ ငါက ရေတော့မခက်ခဲ့ရ၊ ငါ့အထက်က အစ်မနှစ်ယောက်က ရေခပ်သည်၊ နွားစာစဉ်းသည့်အလုပ်ကိုတော့ အဖေကပဲ လုပ်သည်၊ ငါက နွားစာစဉ်းသည့် ဓားကို ကောင်းကောင်းမနိုင်ခဲ့။ ဒီလိုနဲ့ ငါ့အသက် ၁၅-နှစ်ပြည့်ခဲ့သည်၊ ၁၅-နှစ်သားမှာ ငါ သာသနာ့ဘောင်ထဲဝင်ပြီး ရှင်သာမဏေပြုခဲ့ရသည်။ အဖေနဲ့အမေက ငါတို့ညီအစ်ကိုရဲ့ ပစ္စယာနုဂ္ဂဟနှင့်ပေါ့၊ ရွာဦးကျောင်းဆရာတော်ကြီးက ဥပဇ္ဈာယ် ဆရာ။
ဒုတိယဘဝ
အဲဒီကနေစ အဖေနဲ့အမေကို ငါမကူညီနိုင်တော့၊ ဒါပေမယ့် ရွာဦးကျောင်းဆရာတော်ကြီးအထံမှာ ဗုဒ္ဓစာပေများကို အခြေခံကစ နေ့မအား ညမနား သင်ယူခဲ့သည်၊ ငါက ပညာကို ဘယ်အချိန်မှာ ဖြစ်ဖြစ် အလိုရှိနေခဲ့သည်၊ ဆရာတော်သင်ပေးသမျှကို အရအမိ သင်သည်၊ ကျောင်းမှာရှိတဲ့ ဘယ်ကိုရင်နဲ့မဆို ငါက ပိုကြိုးစားခဲ့သည်၊ ဘယ်ကျောင်းထက်မဆို ငါကြိုးစားခဲ့သည်၊ သူများတွေ တစ်နေ့တစ်ခါ မှန်မှန် အသစ်မတက်ရောက်နိုင်တဲ့အခါမှာ ငါက တစ်ချိန်ကို နှစ်ကြိမ်အသစ် တက်ခဲ့သည်၊ လယ်ထွန် နွားကျောင်း လုပ်နေခဲ့တဲ့အချိန်တုန်းကလည်း စာကို အလွန်ပဲသင်ချင်ခဲ့သည်၊ ငါဖြစ်ချင်တာက ကလေးတွေကို စာသင်ပေးရတဲ့ ကျောင်းဆရာ၊ ကျောင်းဆရာမဖြစ်တော့လည်း ငါကတော့ မပူခဲ့ပါဘူး၊ ခု ငါ့ရဲ့ ဒုတိယဘ၀မှာ ငါဖြစ်ချင်တဲ့ဆရာတော့ ဖြစ်တော့မယ်ဆိုပြီး ငါတအားကို ကြိုးစားခဲ့သည်။
ဒီလိုနဲ့ အခြေခံဗုဒ္ဓစာပေဖြစ်တဲ့ သဒ္ဒါနဲ့သဂြိ င်္ုဟ်ကို ဆရာတော်စိတ်ကြိုက် သင်ပြီးတာနဲ့ ကျောက်ပန်းတောင်းမြို့၊ သုခ၀တီစာသင်တိုက်ကို စာသင်သားအဖြစ်-ငါ (၁၆)နှစ်သားမှာ ရောက်ရှိခဲ့သည်၊ အဲဒီမှာလည်း ငါကြိုးစားပြီး စာသင်သည်၊ အစိုးရအခြေပြု မူလတန်း တိုက်တွင်းစာမေးပွဲတိုင်းမှာ ပထမ (ဒါမှမဟုတ်) ဒုတိယအဆင့်နဲ့ အောင်မြင်သည်။ အစိုးရစာမေးပွဲမှာတော့ ဂုဏ်ထူးနဲ့အောင်မြင်ခဲ့သည်။ အဲဒီနှစ်ပေါ့။
အဲဒီကနေ- ၁၇ နှစ်သားမှာ ရန်ကုန်က ဆရာတော် (ရွာဆရာတော်ကြီး၏ညီဝမ်းကွဲ)က ငါစာကြိုးစား စာတော်တယ်ဆိုတာကို ကြားသိလို့ ရန်ကုန်က ဗဟန်း၊ ၀ိသုဒ္ဓါရုံပါဠိတက္ကသိုလ်မှာ အဆင်ပြေမယ်ဆိုပြီး ရန်ကုန်ကိုခေါ်ပြီး ကျောင်းအပ်ပေးပြန်တယ်၊ အဲဒီတိုက်ကြီးမှာ ပဌမငယ်နဲ့ ပဌမလတ်တန်း နှစ်တန်းလုံးမှာ အပတ်စဉ်စာမေးပွဲတိုင်းနီးပါး ပဌမ၊ ပဌမမရတဲ့ တချို့အပတ်မှာ ဒုတိယနဲ့အောင်မြင်နေပြန်တယ်၊ မှတ်မှတ်ရရ ပထမငယ်တန်း တိုက်တွင်းအပတ်စဉ်စာမေးပွဲ (၂၅) ကြိမ်ဖြေဆိုရာမှာ ငါက ပထမ (၂၁)၊ ဒုတိယ (၄) ကြိမ်ရခဲ့သည်၊ အစိုးရစာမေးပွဲတွေမှာတော့ ကံတရားကြောင့်ဟု ပြောရမလားပဲ၊ တစ်ကြိမ်တစ်ခါမှ နံပါတ်မ၀င်ခဲ့ဘူးဘူး၊ ကြိုးစားတာကတော့ အဲဒီအတွက်ပါပဲ၊ ဒါပေမယ့် အောင်မြင်မှုမရခဲ့ဘူးပေါ့။ ပထမကြီးရောက်တော့ စာပေသမားယောင်ယောင်မှို့ စာမေးပွဲတစ်နှစ်ကျခဲ့သည်၊ သို့သော် တိုက်တွင်း အပတ်စဉ်တိုင်းမှာတော့ ပ-ဒု-တ အမြဲနီးပါးပါပဲ၊ စာပေရေးရာမှာ ကဗျာရေး၊ ဆောင်းပါးရေးနဲ့ ဘယ်စာပေတိုက်ကမှလည်း မရွေးဘဲနဲ့ကို စာပေကိုရူးခဲ့ကာ စာမေးပွဲကျသည်အထိဖြစ်ခဲ့ရသည်။ သို့သော်ဆရာတော်များအငြိုငြင်ဖြင့် မခံခဲ့ရ။
စာမေးပွဲတွေကို ထူးချွန်စွာအောင်မြင်ခဲ့တော့ ဆုများလည်း အတော်အသင့်ရခဲ့သည်၊ ရသမျှ ဆုကြေးများကို အဖေနဲ့အမေ့ကိုချည်း ပေးပို့ခဲ့သည်၊ ကိုယ်တိုင်သုံးဆိုရင် စာအုပ်လေး ဘာလေး နည်းနည်းပါးပါး ၀ယ်ခဲ့တာပဲရှိတယ်၊ မိဘကို ဘာဝယ်ချင်လို့ စာအုပ်ဝယ်ချင်လို့ သင်္ကန်းဝယ်ချင်လို့ တစ်ကြိမ်တစ်ခါမျှ ပူဆာခဲ့ခြင်းမရှိခဲ့၊ မိဘကလည်း အဲဒီလောက်ကိုပင် တတ်နိုင်ဘို့ သူတို့ အတော်လေး ကြိုးစားရမည်ဆိုတာကို ငါကလည်း သိထားခဲ့။ ဘသူ့ကိုမှလည်း ဒါမျိုးမပူဆာခဲ့ မတောင်းခံခဲ့။
တောမှာ မိုးလေ၀သ မမှန်လို့ ဒုက္ခရောက်ခဲ့တိုင်း မိဘကို ငါကူညီနိုင်သလောက်ကို အဲဒီစာသင်သား သေးသေးလေးလေး ဘ၀ထဲက ကူညီပေးခဲ့သည်။ ငါ့အသက် ၁၉-နှစ်နဲ့ ငါးလပြည့်တဲ့နေ့မှာတော့ ငါက တတိယဘ၀တစ်ခုဖြစ်တဲ့ ရှင်ရဟန်းဖြစ်ကို ရောက်ရှိခဲ့သည်၊ ငါ့ကို ရဟန်းဒကာ ရဟန်းအမပြုလုပ်ပေးကြတာကတော့ ရန်ကုန်မြို့၊ ကန်တော်ကလေးနေ ဦးဝင်းကြည်နဲ့ ဒေါ်အေးသီတို့ မိသားစုဖြစ်သည်။
တတိယဘဝ
1989-ခုနှစ်မှာတော့ ငါက ပထမကြီးတန်းကို ကောင်းမွန်စွာအောင်မြင်ခဲ့သည်၊ အဲဒီအတွက်ကြောင့် အဲဒီနှစ်မှာ စတင်ဖွင့်လစ်တဲ့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်-၀င်ခွင့်စာမေးပွဲကို ဖြေဆိုအောင်မြင်လို့ ငါအဲဒီတက္ကသိုလ် နှစ်ခု (ရန်ကုန်+မန္တလေး) ထဲက မန္တလေးမြို့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးမှာ တက္ကသီလဓမ္မာစရိယ (ဘီ၊အေ)တန်း ပဌမနှစ်ကို စတင်သင်ကြားခဲ့ရသည်၊ ဘီအေတန်းကို ပဌမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် (ဖိုင်နယ်) ဆိုပြီး လေးနှစ်တိုင်တိုင် ဖြေဆိုခဲ့ရပြီး သာသနတက္ကသီလဓမ္မာစရိယ (ဘီအေ)ဘွဲ့ကို ၀ိနည်းပိဋကတော်လာ စီဝရ၀ဂ်ကိုလေ့လာခြင်း ဘွဲ့ယူစာတမ်းကိုရေးလျက် လက်ခံရယူခဲ့သည်။
အဆင့်မီမီ အောင်မြင်လို့ အမ်အေ-သာသနတက္ကသီလမဟာဓမ္မာစရိယတန်းကို တစ်ဖန်ဆက်လက် သင်ခွင့်ရခဲ့ပြန်သည်၊ ပဌမနှစ်၊ ဒုတိယနှစ် စာသင်နှစ် (၂)နှစ်နှင့် စာမေးပွဲဖြေဆိုအောင်မြင်လျက် မြတ်ဗုဒ္ဓ၏ခြေတော်ရာစက် (၁၀၈)ကွက်တို့ကိုလေ့လာခြင်း ဘွဲ့ယူကျမ်းစာကို သုံးနှစ်ကြာရေးသားလျက် သာသနတက္ကသီလမဟာဓမ္မာစရိယ (အမ်အေ)ဘွဲ့ကို လက်ခံရယူခဲ့ရပြန်သည်။
စာမေးတိုင်းတွင် ပဌမနှစ်စာမေးပွဲမှအခြား ကျန်ငါးတန်းကို ပထမအဆင့်က နေချည်း အောင်မြင်ခဲ့သည်၊ အမ်အေတန်း ရေးဖြေပြီးသည်နှင့် ပိဋကတ်ဆိုင်ရာ မြန်မာစာပေဌာနမှာ နယဒေသက (မြန်မာစာနည်းပြ) အဖြစ် ဘွဲ့ယူကျမ်းရေးသားပြုစုရင်း တာဝန်ထမ်းဆောင်ခဲ့ရသည်။ ငါဖြစ်ချင်ခဲ့သည့် စာသင်ဆရာ တကယ်ဖြစ်ခဲ့လေပြီ။
ပြောစရာက ငါစာမေးပွဲတွေအောင်တိုင်း နှစ်စဉ်ပဲ ငါ့အမေက အပြုံးပန်းတွေ ဆင်မြန်းလျက် ရွာလုံးနှံ့အောင် ကြော်ငြာပြီး အပျော်တွေကို ဖြန့်ဝေနေခဲ့သည်။ အဖေကတော့ ငါ့သားကြီးကတော့ဖြင့် လူဝတ်ကြောင်နဲ့လည်းတော်၊ ကိုရင်၊ ရဟန်းဖြစ်တော့လည်းတော်၊ လိမ်မာရေးခြားကလည်းရှိ၊ မိဘကိုလည်း အမြဲငဲ့စောင်းကြည့်၊ လိုအပ်သလိုအကူညီပေး၊ မွေးရကျိုးနပ်သည့် သားကြီးပါလားနဲ့ ရင်ထဲပီတိကို လူသိအောင်ပြနေနိုင်ခဲ့သည်။
မိခင်တက္ကသိုလ်မှာ ခြောက်နှစ်ကြာ မြန်မာစာဆရာအဖြစ် ထမ်းဆောင်ပြီးတဲ့နောက် 2005 ခုနှစ်မှာ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Buddhist and Pali University ကြီးမှာ အမ်အေတန်းကို အင်္ဂလိပ်မီဒီယာဖြင့် ထပ်မံ ပညာဆည်းပူးလျက် ထိုနှစ်စာမေးပွဲကို အောင်မြင်ကာ - အမ်အေ တစ်ခု ရရှိလျက် - အမ်အေ နှစ်ခုနဲ့ အမေ့သား၊ အဖေ့သားဖြစ်ခဲ့ပြန်သည်၊ 2006 ခုနှစ်မှာတော့ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာပဲ၊ Aquinas College ကနေ အင်္ဂလိပ်ဒီပလိုမာကိုအောင်မြင်ခဲ့ပြန်သည်။
အဲဒီကနေမှတဆင့် 2007-ခုနှစ် ဇူလိုင်လက စလို့ အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့ (မိုဘိုင်းမြို့) ဘုံဘေတက္ကသိုလ် (University of Mumbai) ကြီးမှာ PhD ပါရဂူတန်းကို တက်ရောက်လျက် A Critical Study: Questions of the Young Boy (Kumarapanha) Based on Suttanta Pitaka and Abhidhamma Pitaka ရေးသားပြုစုနေခဲ့ကာ ယခုဆိုလျှင် ပါရဂူကျမ်းကို ရေးသားပြီးစီးလျက် ကျမ်းတင်ရက်ကို စောင့်နေရလေသည်။
စာသင်ရင်းကနေ မိမိ၏ရရှိလာသော ပညာသင်ထူးချွန်မှုကြောင့် ရရှိလာသော လလာဘများကို တသီးတသန့်ထားရှိကာ မိဘကို ထောက်ပံ့ခဲ့သည်မှာ ယခုတိုင် မရပ်တန့်၊ နောင်လည်း ဆက်လက်ကြိုးစားပြီးမိဘကို ကူညီကျွေးမွေးနေဦးမည် ဟု သန္နိဋ္ဌာန်ချ ဆုံးဖြတ်လျက်၊
ရွာက ဆရာတော်ဘုရားကြီးက မိမိကို ပညာအခြေခံများ စတင်သင်ကြားပေးနေစဉ်ကာလ အမေက ကျောင်းသို့ရောက်လာပြီး ခဏခဏ ပူဆာသည်၊ ကိုရင် ကိုရင့်အဖေ ဒကာကြီး အရမ်းပင်ပန်းနေပြီ၊ ကိုရင်မရှိတော့ နွားတွေက အငယ်တွေရော နွားမသားအမိတွေရောမို့မနိုင်ဘူး၊ လူထွက်ပါတော့၊ အဖေ့ကို ကူညီပေးပါတော့ ဟု မကြာခဏတောင်းဆိုတတ်သည်၊ ကိုရင့်ဆရာတော်ကြီးကလည်း ထိုသည့်အခါ ငါ့တပည့် မိဘဆိုတာ လူဝတ်နဲ့တင် လုပ်ကျွေးလို့ရတာမဟုတ်ဘူးကွ၊ ရဟန်းဘ၀၊ ကိုရင်ဘ၀နဲ့လည်း လုပ်ကျွေးကောင်းတယ်၊ မင်းစာတွေကြိုးစား၊ စာတော်သူ စာတတ်သူဖြစ်အောင်လုပ်၊ အဲဒီကျရင် မင်းမိဘကို ဒီထက် ပိုထောက်ပံ့နိုင်လိမ့်မယ်တဲ့ အဲဒီစကားက ဒီနေ့တိုင်အောင်လည်း နားထဲက မထွက်ခဲ့။
ခုတော့ သားရဟန်းသည် မိဘနှစ်ပါးကို ၀တ္ထုပစ္စည်းတို့ဖြင့်လည်း ကျေးဇူးဆပ်နိုင်နေသည်၊ ဓမ္မနဲ့ကျေးဇူးဆပ်နိုင်နေသည်၊ ကံအားလျော်စွာ နိုင်ငံခြားပညာသင်ချိန် အွန်လိုင်း (အင်တာနက်)ကနေ အဝေးရောက် မြန်မာများကို တရားဟောခြင်းအမှု၊ တရားအလှူဓမ္မဒါနကို ပျော်ပျော်ကြီး လုပ်နေနိုင်သည်၊ ဒါလည်း မိဘကို ကျေးဇူးဆပ်ခြင်းတစ်ခုဖြစ်သည်၊ ဆရာသမားကို ကျေးဇူးဆပ်ခြင်း ဖြစ်သည်၊ ဒီအမေဒီအဖေတို့၏သွေးဖြင့် တည်ဆောက်ထားသော ဒီသားပြုပြုသမျှသော ကုသိုလ်ကောင်းမှု အစုစုသည် ဒီမိဘနှစ်ပါးတွင် မြစ်ဖျားခံလေသည်။
စာပေတွေလေ့လာသင်ကြား၊ ဘုရားအဆုံးမတွေကို သိလေ၊ မိဘဂုဏ်ကျေးဇူးကို ပိုနားလည်လာလေနဲ့ ကိုယ့်ဘ၀ကို ကျေနပ်စွာပဲ မိဘကို အဝေးအနီး ထောက်ပံ့လုပ်ကျွေးနေခဲ့သည်၊ အရင်ကရော ထောက်ပံ့ခဲ့သည်၊ ခုလည်း ထောက်ပံ့နေသည်၊ အမေရှိသေးသည်၊ နောင်လည်း ထောက်ပံ့လုပ်ကျွေးနေဦးမည်၊ သို့သော် မိမိပညာသင်ရန်အတွက် သီးသန့် ပေးလှူဒါန်းကြသည့် ဒကာဒကာမတို့၏ ၀တ္ထုငွေကြေးတို့ကိုကား မိမိအတွက်မှ တပါး အခြားမသုံးစွဲခဲ့။
ငယ်စဉ်ကပင် ရဟန်းဒကာ ဒကာမတို့လှူဒါန်းးသည် ၀တ္ထုငွေကြေးတိုင်းကို မိမိ ကျောင်းစာအတွက် လိုအပ်သည့် စာအုပ်များကို သူတို့ရှေ့မှာပင် ၀ယ်ယူပြသပြီး ဟောဒီစာအုပ်တွေကတော့ ဒကာကြီးနဲ့ဒကာမကြီးတို့ လှူဒါန်းသည်ငွေဖြင့် ၀ယ်ထားတာဖြစ်သည်၊ ဟောဒီဘက်က စာအုပ်ပုံကြီးကတော့ ကျုပ်ဟာကျုပ်တခြားက ရသည့်ငွေဖြင့် ၀ယ်တာဖြစ်သည်ဟု အမြဲပြောတတ်ခဲ့သည်။ ဒကာ ဒကာမများကို မိမိ လျှောက်လှမ်းသည့် ဘ၀ထဲမှာ စိတ်မကွက်စေလိုခဲ့။
02. 12. 2009- ညနေ 8:30 ခွဲအချိန် (အိန္ဒိယစံတော်ချိန်)
အဖေဆုံးပြီတဲ့…
ရွာကသတင်းစကား၊ အင်တာနက်ကနေ လာပြောသည်၊ လာပြောသည့် အစ်မမျက်နှာမှာတော့ မျက်ရည်စတွေနဲ့ပါပဲ၊ အစ်မက မပြော၊ ဘေးက ညီမက ဖတ်ပြသည် အဖေဆေး….ဆေးရုံတက် နေတဲ့၊ မိမိက သိလိုက်ပြီ၊ အဖေသတင်း ဘာကြားလည်းပေါ့၊ အဖေသေသွားပြီ မဟုတ်လားဆိုတော့- ဒီနေ့ ညနေ မြန်မာစံတော်ချိန် ခြောက်နာရီခွဲလောက်က ဆုံးတာတဲ့…..
အော် အဖေဆုံးပြီကို၊ ရွာကိုဖုန်းခေါ်ရသည်၊ အဖေမဆုံးခင်ကပင် ကြိုတင်စီစဉ်ထားသည့်အတိုင်း ရွာဦးကျောင်းကဦးဇင်းငယ်လေးနှင့် (ဆရာတော်ဘုရားကြီးက ရန်ကုန်ရောက်နေသည်၊ မျက်စိပြရင်း၊ သွားအံပုံလုပ်ရင်းနှင့်) တိုင်ပင်ပြောဆိုရသည်၊ လှူရေး၊ ဒါန်းရေး၊ အဖေ့အသုဘ မြေကျသည့်တိုင်၊ ရက်လည် ဆွမ်းသွပ်လုပ်ဘို့အဆုံးပေါ့၊ တည်တည်ငြိမ်ငြိမ်ပါပဲ၊ မျက်ရည်က မရှိ၊ ငိုဘို့ကို သတိမရ။
ဘာလို့ငိုရမှာတုန်း၊ မျက်ရည်ကရော ဘာလို့ကျကြသည်ပ၊ အဲဒီမျက်ရည်ကရော တကယ်ပဲ ကျသင့်သည်လား၊ မိဘဆွေမျိုးတွေသေရင် မျက်ရည်ကျကြ ငိုကျသည်ပဲ၊ ဒါပေမယ့်… ခု ငါ…. ငါ့ မျက်ရည်၊ ငါ့မျက်ရည်တွေ ဘယ်ကိုရောက် နေသည့်ပလေ…
မျက်ရည်တို့ကာ့း မိဘတို့ကို လုပ်ကျွေးပြုစုခြင်းဖြင့် ဟိုး…အစောပိုင်းထဲက ခန်းခြောက်နေခဲ့သည်ပဲ၊ အပူဆိုတာတွေကလည်း မိဘတို့ကို လုပ်ကျွေးခြင်းတည်းဟူသော ခေါင်းစည်းအောက်မှာ အေးခဲသွားကြသည်ပဲ။
အော် မပြီးဆုံးသေး… အမေရှိသေးသည်၊ အမေ့ကို စောင့်ရှောက်ရဦးမည်၊ အဖေ့အစားပါ နှစ်ဆတိုးပြီး အမေ့ကို လုပ်ကျွေးရပေဦးမည်… အမေကတော့ဖြင့် ကြာရှည်လေးမြင့် သားမောင်တင့်အောင် စောင့်ပါဦးအမေ၊ သားတောင်းပန်ပါသည်…..
Post by-
02. 12. 2009
ဒေါက်တာ အရှင်သာဓိန
မင်းကွန်းတောရကျောင်းတိုက်
"အလင်းသစ် စာကြည့်တိုက် မြေနုရွာ"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment