ကျွန်ုပ်ကစာသင်ကျောင်းသားလေးရယ်၊ ကျွန်ုပ်စာသင်တိုက်ကို ရွာကနေပြောင်းလာစ ထဲကကျွန်ုပ်စာပေများကို ဖတ်ရှုခဲ့သည်၊ ၀တ္ထုလည်း ဖတ်သည်၊ ကာတွန်း ရုပ်ပြများကိုလည်း မလွတ်၊ မဂ္ဂဇင်းတွေလည်း လစဉ်ထုတ် နီးပါးဖတ်သည်၊ ကိုယ်ကငှါးမဖတ်နိုင်သော်လည်း မိတ်ဆွေသူငယ်ချင်းများက ငှါးဖတ်ကြသည်ကို ကျွန်ုပ်ဆရာက ငှါးဖတ်သည်ကို အနားကနေကပ်ဖတ် ခဲ့ရသည်။
စာဖတ်များတော့ ဗဟုသုတတွေများလာသည်၊ အသိတွေတိုးလာသည်၊ ကျွန်ုပ် အဲဒီလိုအသိတွေ တိုးလာလေ ရွာကကျုပ်သူငယ်ချင်းတွေ၊ ကျုပ်တပည့် ကလေး တွေ၊ ကျုပ်ရွာသူရွာသားတွေ အားလုံးကို သတိရနေခဲ့လေ ဖြစ်ခဲ့သည်၊ သူတို့ကိုလည်း ကျွန်ုပ်လိုပဲ အသိတွေ တိုးစေချင်သည်၊ ကျွန်ုပ်လိုပဲ သူတို့ကို ဗဟုသုတတွေကြွယ်စေချင်ခဲ့သည်။
စာသင်တိုက်တွေမှာ စာသင်ပြီးလို့ တက္ကသိုလ်တက်ရောက်ရတဲ့ခါ စာတွေပိုစုံ လာသည်၊ ဟိုတုန်းက မကိုင်ဘူးခဲ့တဲ့ စိတ်သိပ်မ၀င်စားခဲ့တဲ့ ပျို့တွေ လင်္ကာ တွေကို ချစ်ခင်လာသည်၊ ရှင်မဟာရဋ္ဌသာရကို အားကျသည်၊ ရှင်မဟာ သီလ၀ံသကို ကြည်ညိုသည်၊ ရှင်အုန်းညိုကို မြတ်နိုးသည်၊ ဗုဒ္ဓ၀င်များကို မွေးဖွားပေးခဲ့တော်မူသော တိပိဋကဆရာတော်ဘုရားကြီးကို အကြိမ်ကြိမ် ဦးခိုက်နေမိသည်၊ လယ်တီဒီပနီကျမ်းတို့၏သခင် လယ်တီ ဆရာတော်ဘုရားကြီး လို စာတွေအများကြီး၊ အဲဒီထဲကမှ ဆရာတော်လို လူတိုင်း နားလည်လွယ်ကူ စေနိုင်တဲ့ အရေးသားမျိုးတွေနဲ့ အသိပညာ ဗဟုသုတတွေ ပေးချင်လာသည်။
တက္ကသိုလ်မှာ ဆရာစဖြစ်တဲ့ 1996 ခုနှစ်မှာ ကျွန်ုပ်ရွာကလေးအတွက် စာကြည့် စင်လေးတစ်ခု သူငယ်ချင်းလင်မယားအားကိုးဖြင့် သူတို့အိမ်သေးသေး လေးမှာစတင်အကောင်ထည်ဖော်ခဲ့သည်၊အဲဒီတုန်းက သူ့ကိုယာယီအမည်ပေး ခဲ့တာကရတနာမြေတဲ့၊အဲဒီမှာကျွန်ုပ်စာကြည့်တိုက်အသေးလေး သုံးနှစ်ကြာခဲ့ သည်၊ စာတစ်အုပ်မပြောက်မရှ၊ အိုဟောင်းလို့ လှန်လှောမရ၊ စာအုပ်ယိုယွင်းမှု တစ်နှစ်မှ လေးငါးအုပ်သာ ရှိခဲ့သည်၊ သို့သော် သုံးနှစ်ကြာလာတော့ သူငယ်ချင်း လင်မယားမှာ ကလေးငယ်လေးများနှင့် ဖြစ်လာခဲ့သည်၊ ရွာမှာလည်း မူလတန်းကျောင်းက စည်ကားမှုရှိလာသည်၊ ရပ်ရွာကမွေးသော ရပ်ရွာဆရာ ဆရာမများသည်ပင် ကိုယ့်ရပ်ကိုယ့်ရွာမှာ အိုးမကွာ အိမ်မကွာ အလုပ်လုပ်နိုင် လာကြသည်။
ဒီတော့ သူတို့အားကိုးဖြင့် မူလတန်းကျောင်း၏ ရုံးခန်းထဲမှာပဲ စာအုပ်ဗီရို နှစ်လုံးဖြင့် စာကြည့်တိုက်လေး ပြောင်းခဲ့သည်၊ အကြောင်းကြောင်းကြောင့် စာအုပ်များ တစ်အုပ်ထဲကျန်အောင် ပျောက်ဆုံး ပျက်စီးသွားလေသည်၊ ကျွန်ုပ် ထိုင်ငိုရမလား စဉ်းစားမိသည်၊ ငိုချင်စိတ်မပေါ်ပါဘူး၊ အော် ဒီထဲက ငါ့စာအုပ်လေးတွေကို အတော်များများ ငါ့ရွာသားတွေ ဖတ်ဘူးခဲ့ကြပြီပဲ၊ ဘယ်တတ်နိုင်မလဲ၊ လူတောင်သေရသေးတာပဲ၊ ပစ္စည်းပဲ ပြန်တည် ထောင်မှာပေါ့ဆိုပြီး ခဏနားခဲ့သည်။
မန္တလေးနိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် မြန်မာစာဌာနမှာ ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီးသို့ ဆရာမွေးမြူရေး ဒေါက်တာဘွဲ့ကြို သင်တန်း ၀င်ခွင့်ကို 2002 ခုနှစ်မှာ အောင်မြင်ပြီး တက်ရောက်ပညာသင်ခွင့် ရခဲ့သည်၊ အဲဒီမှာတစ်နှစ်ခွဲခန့် ပညာသင်ပြီး သင်တန်းမအောင်မြင်သဖြင့် အောင်ဖျာလိပ်ခဲ့ရသည်၊ ဘ၀မှာ တစ်ခုတည်းသော ကျဆုံးမှုပါပဲ၊ ကျဆုံးခဲ့သော် လည်း အရှုံးကို တွေးနေငေးနေမှု မလုပ်ခဲ့ဘဲ တစ်ခါဘူးမှမကိုင်ခဲ့ဘူးသည် ငွေတစ်သိန်း လာဘ်လာဘမျိုးစုံမှ ရရှိခဲ့သည်၊ ဘာလုပ်ရမည်မသိ၊ ဒီလောက်များတဲ့ငွေကိုလည်း တစ်ခါမျှမကိုင်ဘူးခဲ့၊ လက်ထဲငွေရှိက စာအုပ်ပဲ ပြေးဝယ်ချင် နေခဲ့သည့်စိတ်ကိုလည်း ခေတ္တ ချိုးနှိမ်ပြီး ငါ…ဒီငွေတစ်သိန်း ဘာလုပ်ရမလဲဆိုပြီး စဉ်းစားသည်၊ မြန်မာပြည် အနယ်နယ် အရပ်ရပ်မှာရှိတဲ့ သူငယ်ချင်းတွေထံ အလည်အပတ်သွားပြီး ဒေသန္တရဗဟုသုတ ရှာမလား၊ ဒါမှမဟုတ် ဘုရားတွေ လည်ဖူးမလား၊ ညီမငယ်ဆယ်တန်း အောင်ထားသည်၊ days ကျောင်းဆက်ထားမလား ဒီငွေနဲ့ …လားပေါင်းများစွာဖြင့် အမျိုးမျိုးစဉ်းစားသည်…….. နောက်ဆုံးဝင်လာတဲ့ အတွေးက ရိပ်ကနဲ…..လင်းသွားသည်၊ လက်သွားပြီ၊ ညီမကိုဘေးဖယ်ထားလိုက်သည်၊ ရပ်ရွာတစ်ခုလုံးမှာရှိတဲ့ ညီတွေ ညီမတွေနဲ့လဲလိုက်သည်။
ငါ့စာကြည့်တိုက်လေး… ဟုတ်တယ် ငါ့စာကြည့်တိုက်လေး ပျက်သွားခဲ့ တယ်၊ အဲဒါပြန်လုပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်၊ အိပ်ရာနိုးတာနဲ့ မြို့ထဲသွားဘို့ပဲ အာရုံရောက်နေတယ်၊ ကံအားလျော်စွာပဲ ဆွမ်းဘုန်းပေးခါနီး မိမိသီတင်းသုံးနေတဲ့ ရန်ကုန်၊ ဗဟန်း၊ ရွှေတောင်ကြား (၂)ရှိ မင်းကွန်းတောရသို့ မန္တလေး သာသနာ့တက္ကသိုလ်က တပည့်တစ်ပါးကြွလာတယ်၊ ဆွမ်းစားပြီးတာနဲ့ ဆရာတပည့် ငွေတစ်သိန်းပိုက်ပြီး မြို့ထဲစာအုပ်ဝယ်ထွက်သည်၊ စာပေဗိမာန်က သင့်နိုးရာရာ ကောင်းနိုးရာရာစာအုပ်လေးတွေ အားလုံးဝယ်ယူခဲ့သည်၊ လမ်းဘေးက အသစ်မဟုတ်သော်လည်း မဟောင်းနွမ်းသေးသည့် စာပေမဂ္ဂဇင်း များကိုချည်း အုပ်ရေတစ်ရာကျော်လောက်ဝယ်သည်၊ အခြားကောင်းနိုးရာရာ လေးတွေ ရွေးဝယ်လိုက်တော့ လက်ထဲ ငွေနှစ်သောင်းကျော်ကျော်နီးနီး ကျန်ခဲ့သည်၊ တော်ပြီ၊ ရွာပြန် လမ်းစားရိတ်လိုသေးသည်။
အဲဒီနေ့ကနေ နောက်နေ့ ရန်ကုန်မြို့ရှိ မိမိဒကာ ဒကာမများအိမ်သို့ကြွကာ စာဖတ်တတ်သည့်အိမ်၊ စာအုပ်စုသည့်အိမ်များကိုရွေးကာ စာအုပ်အလှူခံ ထွက်သည်၊ သူတို့လှူကြသည်၊ ရွာကိုပြန်ကြွတော့ စာအုပ်ထည့်ထားသည့် လန်ဒန်(London) စီးကရက်ပုံးလေးပုံး၊ မြွေရေခွံအိတ် (ငွေခွံအိတ်) - ဆန်အိတ် (ဆံအိတ်) ဟောင်းသုံးလုံးပါလာသည်၊ ရွာကိုရောက်တာ နှင့် ဆရာတော် ကိုလျှောက်ထားကာ ဘုရားတပည့်တော် စာကြည့်တိုက်လေး ပြန်လုပ်တော့မယ် ဘုရားဆိုတော့ ဆရာတော်က မိုက်ပ ငါ့တပည့်ရာ မင်းစာအုပ်တွေ ၀ယ်မယ့်အစား တစ်အိမ် ဆန်တစ်ပြည် ဝေတာကမှ ပိုအကျိုးရှိဦးမယ်တဲ့၊ နောက်ပီး မင်း အရင်လုပ်ထားတဲ့စာအုပ်တွေ တစ်အုပ်မှ မရှိတော့ဘူးဆိုတဲ့၊ ဆရာတော့်ကို အပြစ်မဆိုအားပါဘူး၊ ဆရာတော်က ကိုယ့်ကို ဂရုဏာ ဒေါသနဲ့ပြောတာဆိုတာကို သိနေတော့ မတတ်နိုင်ဘူးဘုရား၊ ဒီတစ်ခါတော့ တပည့်တော် သေချာလုပ်မှာဘုရားလို့လျှောက်လိုက်တယ်၊ နောက်နေ့မှာ ရွာထဲက ရ.ယ.က လူကြီးများနဲ့ ရပ်မိရပ်ဖများခေါ်၊ လူငယ်တွေ ဖိတ်၊ ကျောင်းဆရာ ဆရာမလေးတွေ အားလုံးဖိတ်၊ ကောက်ညှင်းပေါင်းကျွေး၊ ကော်ဖီမစ်တိုက်၊ လန်ဒန်ဆေးလိပ်တိုက်ပြီး စာကြည့်အတွက် စုဝေးလိုက်တာ တစ်ခါတည်း-
၁။ စာကြည့်တိုက်ဥက္ကဋ္ဌ
၂။ စာကြည့်တိုက်ဒုတိယဥက္ကဋ္ဌ
၃။ စာကြည့်တိုက်အတွင်းရေးမှူး
၎။ စာကြည့်တိုက်မှူး
၅။ စာကြည့်တိုက်ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးအဖွဲ့
၆။ စာအုပ်ငှါးပေးမည့်သူ မိန်းကလေး ခြောက်ယောက်
စသည်ဖြင့် ဖွဲ့စည်းလိုက်သည်။
အဲဒီနောက်နေ့မှာ စာအုပ်တွေထဲက အဖုံးမချုပ်ရသေးတာတွေကို ချုပ်၊ ချုပ်ပြီးသားတွေ ချုပ်ဘို့မလိုတာတွေကို Catalog (ကက်တလောက်)ဖြည့်၊ စာအုပ်စာရင်း၊ ငှါးစာရင်း၊ စသည်လိုအပ်တာတွေ လုပ်ကြသည်၊ ပျော်စရာကြီး တစ်လနီးပါး မချုပ်တတ် ချုပ်တတ်ချုပ်ကြသည်။
စာကြည့်တိုက်လေး ဖွင့်တာကို ရွာကခြောက်လုံးပတ်ဆိုင်းက ကွမ်းယာစားပြီး ဧည့်ခံပေးသည်၊ ရွာရှိတပည့်တစ်ယောက်က အသံချဲ့စက်ကို အလကား ဖွင့်ပြီး ကူညီသည်၊ စာရင်းချုပ်တော့ အဲဒီစာကြည့်တိုက်လေး အစမ်းဖွင့်စက ပိုက်ဆံ ငါးရာ ကွမ်းဘိုးကုန်ခဲ့သည်။
နာမည်လေး ပေးလိုက်တာက အလင်းသစ်တဲ့….
အဲဒီအလင်းသစ်လေး တကယ်တော့ ဖွားမြင်ပြီးမြောက်သေးတာမဟုတ်ဘူး၊ မွေးစမ်းကြည့်ယုံလေးပဲ ရှိသေးတာ၊ သူများနေရာ အသုံးမပြုတော့သည့် သမဆိုင်ခန်းထဲမှာ ခေတ္တ တစ်နှစ် ယာယီ အလကား အငှါးဖြင့် ဖွင့်ဖြစ်ကြသည်၊ နောက်တစ်နှစ် သမလူကြီးများနဲ့ကလေးတွေ မတည့်တော့၊ သူတို့က လစာကို တစ်ထောင် တောင်းသည်တဲ့၊ တစ်နှစ် တစ်ထောင်လား တစ်လတစ်ထောင်လား မသိ၊ တစ်နှစ် တစ်ထောင်ဖြစ်ဘို့များသည်၊ သို့သော် တစ်နှစ်တစ်ထောင်ကိုပင် အလင်းသစ်က ပေးနိုင်စွမ်းမရှိခဲ့။ အဲဒီကနေ ရထားတဲ့ ရန်ပုံငွေလေးဖြင့် မိမိတောင် မသိလိုက်၊ အိမ်အဟောင်းသေးသေးလေးလေး ၀ယ်ပြီး၊ ပြန်ဆောက်ကာ လယ်စောင့်တဲငယ်လေးသဖွယ်မှာ အလင်းသစ်လေး သန္ဓေမရင့်တရင့်နဲ့ ခေတ္တနားရသည်၊ ဤကာလ အလင်းသစ်ကို သန္ဓေလွယ်သူ မိမိက နိုင်ငံရပ်ခြား သီရိလင်္ကာမှာ ပညာဆက်လက်ဆည်းပူးနေခဲ့သည်။
ပြန်ရောက်တော့ သန္ဓေအရင့်အမာ အလင်းသစ်လေးရဲ့ နေအိမ်ကို ကြည့်မိသည်၊ မချမ်းမြေ့၊ ငါလည်း နည်းနည်း တတ်နိုင်လာပြီ၊ နိုင်ငံခြား မထွက်ခင် ရန်ကုန်မြို့ရောက် စားသောက်ဆိုင်အသီးသီး၊ ဆောက်လုပ်ရေး အဖုံဖုံတို့၌ အလုပ်လုပ်နေကြသော မိမိရွာသား လူငယ်လေးများထံမှ စာကြည့်တိုက်ဆောက်ဖို့ငွေလေးတွေ လိုက်စုသည်၊ ခံယူထားတာက ရွာမှငွေကို တပြားမှအပါမခံ၊ ရွာရှိ လူကြီးသူမများကို ဒုက္ခမရောက်စေရဆိုတဲ့ ရည်ရွယ်ချက်နဲ့၊ ငွေနှစ်သိန်းနီးပါးရခဲ့သည်၊ သူတို့လုပ်ခဲ့ သည်၊ မိမိ နိုင်ငံခြား ပညာသင်ခရီး (၂) နှစ်အတွင်း ငွေနှစ်သိန်းက ငါးသိန်းဖြစ်သွားခဲ့သည်၊ အဲဒီ ငါးသိန်းနဲ့ မိမိကျန်လာတဲ့ငွေးလေးရယ်၊ နောက်ထပ် ရရှိတဲ့ထဲကရယ်နဲ့ ငါးသိန်း၊ ပေါင်း ဆယ်သိန်းဖြင့် အလင်းသစ်စာကြည့်တိုက် စဆောက်သည်၊ မပြီး၊ မပြည့်စုံ၊ နည်းနည်းလိုနေပြန်သည်၊ အိန္ဒိယ၊ ဘုံဘေတက္ကသိုလ်သို့ ပါရဂူဘွဲ့ဆက်တက်၊ တစ်နှစ်ခွဲနေလို့ ပြန်ရောက်၊ အချောကိုင်ဘို့တဲ့ ငွေငါးသိန်း ထပ်ပေးလိုက်သည်၊ အားလုံး ငွေအလုံးအရင်းဖြင့် 15 သိန်း။
ပြီးပြီတဲ့၊ ဘုန်းဘုန်းရေ စာကြည့်တိုက်ပြန်ဖွင့်လို့ရပြီတဲ့… ရွာကိုပြန်ကြွပြီး စာကြည့်တိုက်ဖွင့်ရအောင်တဲ့၊ လုပ်လိုက်ပြီ၊ ၀တ္ထုစာအုပ်အဟောင်းဆိုင်က ၀တ္ထုစာအုပ် (200)နှင့် အခြား ကောင်းနိုးရာရာ စာအုပ်များ အတတ်နိုင်ဆုံး ထပ်ဝယ်လိုက်သည်၊ စာအုပ်ကို ကိုယ့်ကျောင်းမှာ အချုပ်သမားခေါ်ပြီးချုပ်သည်၊ အခြားသော အလှူခံရသည့်စာအုပ်များအပါအ၀င် London စီးကရက်ပုံး ကိုးပုံး၊ မြွေရေခွံ နှစ်အိတ်ဖြင့်ထည့်ကာ တပည့်တစ်ယောက်ဖြင့် ရွာပြန်ခဲ့ပြန်သည်။
2009 ခုနှစ်၊ မတ်လ-12 နေ့ညမှာ အလင်းသစ်စာကြည့်တိုက်ကို တကယ်ကိုပဲ ထည်ထည်ဝါ၀ါဖြင့် စာပေဟောပြောပွဲများအပါအ၀င်၊ သို့သော် စာရေးဆရာဆို၍ မိမိတစ်ဦးတည်းသာပါဝင်လျက် ဖွင့်လစ်နိုင်ခဲ့သည်။ ထိုနေ့သည်သာ အလင်းသစ်ကလေး တကယ်မွေးဖွားသည့်နေ့စင်စစ်ဖြစ်ခဲ့သည်၊ အဲဒီနေ့က မိမိပြောခဲ့သည့်စကား….
ဘုန်းကြီးအနေဖြင့် ဟောဒီအလင်းသစ်စာကြည့်တိုက်ဖြစ်မြောက်အောင် သန္ဓေတည်လာခဲ့တာ၊ ရင်မှာလွယ်ခဲ့တာ နှစ်ပေါင်း ဆယ့်သုံးးနှစ်ကျော် ဆယ့်လေးနှစ်အတွင်းပင် ရောက်ခဲ့ပါသည်၊ ဒီကနေ့တော့ သူ့ကို အောင်မြင်စွာ မွေးဖွားခဲ့ပြီးပါပြီ၊ ဒါပေမယ့် ဘုန်းကြီးအနေဖြင့် သူ့ကို အနီးကပ် မစောင့် ရှောက်နိုင်ပါ၊ ဒါကြောင့်မို့ ရပ်မိရပ်ဖများနှင့် မြေနုကျေးရွာတွင် နေသူ မည်သူ့ကိုမဆို အပ်နှံပါသည်၊ ဒီအလင်းသစ်ကလေးကို စောင့်ရှောက်ပေးကြပါ၊ ၀ိုင်းဝန်းကူညီပေးကြပါ၊ မပျောက်မပျက်၊ အနာအဆာကင်းအောင် ထိမ်းသိမ်း ပေးကြပါ၊ အလင်းသစ်ဟာ ဒီနေ့ကစပြီးတော့ မြေနုကျေးရွာ၏အလင်း သစ်ဖြစ်သွားပါပြီ၊ ဦးသာဓိန၏အလင်းသစ်မဟုတ်တော့ပါ၊ ဦးသာဓိန၏ အလင်းသစ်မဟုတ်သော်လည်း သူ့ကို မွေးဖွားပေးသူ ဦးသာဓိနဟာ သူ့သားကို အမွေဖြတ်စွန့်လွတ်သည်မဟုတ်ပါ၊ အမြဲတန်း အဝေးကနေ မေတ္တာတွေပေး၍ စောင့်ရှောက်နေဦးမည်၊ သူ့ကို သူ့အသက်ရှင်နေသေးသ၍ ကူညီပေးနေဦးမည်၊ သစ်သည်ထက် သစ်အောင်၊ လင်းသည်ထက် လင်းအောင် နေ့စဉ်ကြိုးစားနေ ပါဦးမည် ဟု ပြောကြားရင်း…..
အဲဒီလိုပြောခဲ့တယ်၊ အဲဒါ အဲဒီနေ့ဟာ အလင်းသစ်ရဲ့မွေးဖွားခြင်း ကိစ္စပြီးဆုံးတဲ့ နေ့ပါပဲ၊ အလင်းသစ်ပြီးဆုံးတဲ့နေ့မဟုတ်ပါ၊ အလင်းသစ်ကတော့ မြေနုရွာဆိုတာ ရှိနေသ၍ ဆက်လက်ရှင်သန်နေပါလိမ့်မည်….
ရွာကနေ ရန်ကုန်မှာ ကျောင်းလာတက်နေသော၊ အလုပ်လာလုပ်နေသော တပည့်လေးများက အင်တာနက်ကနေ လာအကြောင်းကြားသည်၊ ဘုန်းဘုန်းရေ တပည့်တော်တို့ရွာက စာကြည့်တိုက်ကတော့ စလင်းမြို့နယ်မှာတော့ အကောင်းဆုံး အစည်ကားဆုံး အားပေးမှုအသာဆုံးဆိုပြီး နာမည်ကျော်နေ တယ်တဲ့… အော် ကောင်းလေစွ…
အလင်းသစ်ရယ်ဟု မွေးဖွားစမ်းစကပင် နှစ်ပတ်လည်တိုင်း ကလေးတွေကို မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်လိုက် စာစီစာကုံးပြိုင်ပွဲလေး တွေကို ကျင်းပပေးပြီး အနည်းငယ်သော ဆုလေးတွေကို ပေးခဲ့သည်။
ခု ဒီအလင်းသစ် (http://alinnthit.net) လေး မွေးဖွားဖြစ်တာကိုတော့ နောက် အခွင့်သင့်ရင် ဆက်ရေးပါဦးမည်… တစ်နေ့ပေါ့….
07. 12. 2009
ဤဆောင်းပါးလေးကို ဖတ်မိသူတိုင်း ဒီလို အလင်းသစ်လိုလေးတွေ မွေးဖွားပေးနိုင်ကြပါစေ……
ဒေါက်တာ အရှင်သာဓိန
မင်းကွန်းတောရကျောင်းတိုက် (ရန်ကုန်)
"အလင်းသစ်များ မွေးဖွားပေးသော
ဒေါက်တာ အရှင်သာဓိန၏ စာပေဆောင်းပါကြိ
ပြန်လည် ရှာဖွေတင်ပြပေးအပ်ပါသည်"
Post by -
Alinnthit Library 1-7-2016
alinnthitlibrary.blogspot.com