Thursday, October 6, 2016

" ရဟန်းဒကာနှင့် ရဟန်းတစ်ခါ "


   စာရေးသူ့နောင်တော် ရဟန်းဒကာမကြီးတစ်ယောက်က
 ပြောဖူးတာအမှတ်ရမိသည်။
     "အရှင်ဘုရား လိုအပ်တာပြောဘုရား။
တပည့်တော်လည်း သိသလောက်လှူနေပါ့မယ်။
ထောက်ပံ့နိုင်သရွေ့ထောက်ပံ့နေပါ့မယ်။
တပည့်တော်တို့က အရှင်ဘုရား ပြောပြမှ
အရှင်ဘုရား လိုအပ်တာကို သေချာသိမှာ။
မပြောပဲမနေနဲ့။
အရှင်ဘုရား မိဘရင်းတွေပြီးရင်
တပည့်တော်က အရှင်ဘုရားကို
ပဉ္ဇင်းပြုပေးထားတဲ့အတွက်
ဒုတိယမိဘပဲ။

      အရှင်ဘုရား လိုအပ်တာကို
တောက မိဘတွေဆီ လှမ်းတောင်းရင်
သူတို့က ပေးနိုင်ပါအုံးတော့ တကူးတကနဲ့
ဒုက္ခများပါတယ်။
သာသနာနဲ့မအပ်စပ်တာမလုပ်မိစေပဲ
ဒီအ၀တ်နဲ့နေရင် အရှင်ဘုရားကို
လှူရမယ့်တာဝန်က
တပည့်တော့်မှာရှိတယ်။
လူမထွက်ပြီးရော လှူမယ် လိုအပ်တာပြောပါ။
ငယ်တုံးအရွယ်ဆိုတော့
တက်နိုင်သရွေ့ ကြိုးစားနိုင်သလောက်
စာသင်,စာကျိုးစား။
စွမ်းနိုင်သရွေ့ ပညာပါရမီကို ဖြည့်စည်းပါတဲ့။"
     (လွှတ်တော်တဲ့ ဒကာမကြီး
သိပ်စာဖတ်တဲ့ဒကာမကြီး
ရဟန်းမဖြစ်ခင် ကိုရင်ဘ၀ထဲက
အားပေးချီးမြောက် ထောက်ပံ့မှုပြုခဲ့သည့်
"ရဟန်းတစ်ခါ မဟုတ်သော ရဟန်းဒကာမကြီး"ပါပဲ။)

     "ရဟန်းဒကာ" မမည်သော "ရဟန်းတစ်ခါ"များမှာ
မိမိက ရဟန်းအဖြစ်တော့ ပြုပေးလိုက်ပါရဲ့။
မည်သည့်ထောက်ပဲ့မှုမှ မလုပ်။
သိမ်ထဲက ထွက်လာတဲ့ မိမိပဉ္ဇင်းကို
သိမ်ဆင်းလောင်းပြီးရင် ပြီးရော။
ပြီးရင် ပြီးရော ဆိုသည့်အတိုင်းပါပဲ
နောက်ပိုင်း ဒီပဉ္ဇင်းနဲ့ပါတ်သက်မှုတွေကို
ဘာမှ တာဝန်ယူမှုမရှိတော့ဘူး။

     မောင်ပဉ္ဇင်းက လိုအပ်လို့ ဖုန်းဆက်ပြန်တော့
ဘာအတွက် အလှူခံပြန်ပြီ ညာအတွက် အလှူခံပြန်ပြီ ဆိုပြီး မောင်ပဉ္ဇင်းရဲ့ဆရာသမားတွေကို
သွားလျှောက်လိုက်သေးတယ်။
မောင်ပဉ္ဇင်း စာမေးပွဲအောင်တော့
လိုရာသုံးဖို့ဆိုပြီး န၀ကမ္မလှူဖို့ဝေးစွ
စာအုပ်စာတန်းဖိုးအလှူခံသည်ကိုပင်
အင်တင်တင်နဲ့ ချက်ခြင်းမလှူချင်ကြပေ။
(ပစ္စည်းဥစ္စာ မတည်မြဲ၍ မလှူနိုင်တော့
မထောက်ပံ့နိုင်တော့ရင် မပြောလိုပေမယ့်
ပစ္စည်း ဥစ္စာ ပေါကြွယ်ဝတဲ့အထဲက
မလှူနိုင်,မတန်းနိုင်ဖြစ်နေရင်တော့
မပြုလုပ်သင့်ပါ)
ရဟန်းတစ်ခါဆီ ငွေအလှူခံမည့်အစား
ကျားဖင်ပြေးနှိက်တာက ငွေထွက်လာနိုင်သေးတယ် ဟု
ပြောခဲ့ဖူးသော ကရင်ဦးဇင်းတစ်ပါး၏
ပြောဆိုမှုကိုပင် ထောက်ခံရမလို။

     အဲ စာမေးပွဲကျလို့ကတော့
ပေးလိုက်တဲ့ဖိအား,များလိုက်တဲ့ ကွက်ရှင်,
သွန်သင်လိုက်တဲ့ ဆုံးမစာတွေက
ပိဋက သုံးပုံနှုပ်ငုံဆောင်ထားသလား
အောင်းမေ့ရတယ်။

   ဒီလို ရဟန်းဒကာ မဟုတ်တဲ့ ရဟန်းတစ်ခါများကိုတော့ စာရေးသူ
အင်မတန် ရှုပ်ချပါတယ်။
ပဉ္ဇင်းတစ်ပါးပြုပေးလိုက်ပြီး
ရဟန်းတာဝန်ကို (ပဉ္ဇင်းတာဝန်ကို)
မယူနိုင်ရင် မလုပ်မိတာ အကောင်းဆုံးပဲ။

   မိမိ တာဝန်မယူနိုင်ပဲ
"နာမည်လိုချင်လို့" သို့မဟုတ်
"မကောင်းတက်လို့" ဒါမှမဟုတ်
"မသိနားမလည်လို့" ဆိုပြီး
ရဟန်းမပြုပေးသင့်ပါ။
မိမိရဟန်းတစ်ခါကြောင့်
အခြားပဉ္ဇင်းပြုပေးလိုသော
တာဝန်ယူနိုင်သည့်ရဟန်းဒကာတွေ
သဒ္ဓါတရား ပျက်ကွက်ခဲ့ရတယ်။

     မောင်ပဉ္ဇင်းအတွက်မှာလည်း
တာဝန်ယူနိုင်သည့် ရဟန်းဒကာရှိနိုင်ပါလျှက်
တာဝန်မယူနိုင်သည့် ရဟန်းတစ်ခါကြောင့်
ရဟန်းဘ၀တစ်ခုလုံး ဆင်းရဲချို့တဲ့စွာဖျက်သန်းရပြီး
စိတ်ချမ်းသာစွာ ကိုယ်ချမ်းမာစွာ ဘ၀ကို ကောင်းကောင်းမတည်ဆောက်နိုင်ခဲ့ပေ။

     မောင်ပဉ္ဇင်းအတွက်
သပိတ်တစ်လုံး,သင်္ကန်းသုံးထည်ရှိပြီးရော့
ဘာမျှမလိုအပ်ပါဟု ပြောဆိုနိုင်သော်လည်း
ခေတ်စနစ်ရဲ့ လိုအပ်ချက်အရ
ဘက်စ် ကားစီးလျှင်ပင်
ပိုက်ဆံကို လက်ကကိုင်ပြပြီး
ဘက်စ်ကား တားစီး နေရသောခေတ်ဖြစ်လေတော့
ရဟန်းတစ်ပါး ဘာလိုအပ်မလဲဆိုတာ
တွေးကြည့်လျှင်ပင် သိနိုင်ပါသည်။

     တစ်ချို့သော ရဟန်းဒကာနှင့် ရဟန်းတစ်ခါများ
လွဲမှားနေသော အမူအကျင့်တစ်ခုရှိလေသည်။
မိမိသားပဉ္ဇင်း ၀တ္ထုငွေလိုအပ်၍ အလှူခံလျှင်
သားပဉ္ဇင်း၏ ဆရာ,စာချ,ကျောင်းထိုင်,
အုပ်ထိန်းသူဘုန်းကြီးကို
ပြန်ပြီးမေးလျှောက်တက်ကြသည်။
ထိုဆရာအုပ်ထိန်းသူက
လှူလိုက်ပါပြောမှ လှူသည်။
မလှူနဲ့ပြောလျှင် မလှူတော့ပေ။

    ထိုရဟန်းဒကာနှင့် ရဟန်းတစ်ခါများကို
စာရေးသူ သတိပေးလိုသည်မှာ
မိမိပဉ္ဇင်းပြုပေးထားသည်မှာ
အုပ်ထိန်းသူဆရာတော်ကို
ရဟန်းပြုပေးထားတာလား?
ပဉ္ဇင်းငယ်ကို ရဟန်းပြုပေးထားတာလား?
ပြန်လည်သုံးသပ်သင့်ပါသည်။

    ဤစကား မှားမည်မထင်
သားပဉ္ဇင်းလိုအပ်မှုမဖြည့်စီးပေးသေးပဲ
အုပ်ထိန်းသူဆရာတော်စသည်က တစ်ဆင့်
လှူဒါန်းထောက်ပံ့လိုပါက
ပဉ္ဇင်းငယ်ကို ရဟန်းပြုမပေးပဲ
အုပ်ထိန်းသူ ဆရာတော်ကို သိက္ခာထပ်ပေးလိုက်ဖို့သင့်ပါသည်။

     နောက် အုပ်ထိန်းသူဆရာတော်များ၏
တပည့်သားမောင်ပဉ္ဇင်းများအပေါ်ထားသော
တလွဲဆံပင်ကောင်းနည်းတစ်ချို့ရှိလေသည်။
တပည့်ရဟန်းငယ်များ၏ ရဟန်းဒကာများကို
" ရဟန်းပြုပေးထားသော ပဉ္ဇင်းငယ်များ ဘာအလှူခံခံ လာပြောပါဟု " ကြိုတင်မှာထားခြင်း ဖြစ်သည်။
စေတနာ,မေတ္တာမှန်ဖြင့် ရဟန်းဒကာများကို
ညွန်ပြလိုပြီး
မလှူတက်,မထောက်ပံ့တက်မည်စိုး၍
ကြိုတင်မှာထားသည် ဟုဆိုလျှင်
(မိမိကလည်း တစ်ခုခုဖြည့်စည်းပေးလိုသည်ဟု ခံယူထားလျှင်)
ဘာမျှ မပြောလို သာဓုပင် ခေါ်လိုက်ချင်ပါသည်။

     သို့တည်းမဟုတ်
"မင်းရဟန်းဒကာတွေက
ငါပြီးမှ ပြီးမှာပါကွာ "ဟူသော
အနေအထားမျိုးဖြစ်နေလျှင်
ထို အုပ်ထိန်းသူဆရာတော်များကို
သတိပေးချင်သည်မှာ
ဒီ ရဟန်းဒကာများသည်
" မိမိကို (ကံ)သိမ်ထပ်ထားတာလား?
တပည့်မောင်ပဉ္ဇင်းကို
ရဟန်းခံပေးထားတာလား?
စဉ်းစားမိဖို့ကောင်းသည်။

     ထိုဆရာများအနေဖြင့်
မိမိက တပည့်များအပေါ် မထောက်ပံ့ချင်နေပါ
တပည့်သားမောင်ပဉ္ဇင်းများနှင့်
သူ့ရဟန်းဒကာများ အကြား
ကြားခံ အေးဂျင့်(ပွဲစား)ပုံစံများ
မပြုလုပ်သင့်ပေ။
လွယ်လပ်လွယ်ကူစွာ ဆက်ဆံခွင့်ပေးသင့်သည်။

     စာရေးသူ ရဟန်းခံပြီးစက
အဖြစ်အပျက်လေးတစ်ခု သွားအမှတ်ရမိသည်။
စာရေးသူ ဇာတိရွာပြန်ခါနီး ရဟန်းဒကာမတွေဆီ
လမ်းစရိတ်သွားအလှူခံလိုပါသဖြင့်
ကျေးဇူးရှင် မင်းကွန်းဆရာတော်ကို
သွားလျှောက်ဖူးသည်။
စာရေးသူက ဆရာတော်ကို ဦးထိပ်ထားပြီး
အသိပေးလိုသဖြင့် လျှောက်ထားသော်လည်း
ဆရာတော် ပြန်မိန့်လိုက်သည့်စကားမှာ
အလွန်တန်ဖိုးထားမှတ်သားဖို့ကောင်းသည်။
 
  " ဟဲ့ မောင်က၀ိန်
မင်းရဟန်းဒကာတွေဆီ ၀တ္ထုငွေသွားအလှူခံတာ
ငါ့ဆီလာပြီး ခွင့်တောင်းနေရသလား ဟ။
ဒီ ဒကာတွေက ငါ့ကို ရဟန်းခံပေးထားတာလည်းမဟုတ်
သိမ်ထပ်ထားတာ မဟုတ်။
မောင်ပဉ္ဇင်းကို ရဟန်းပြုပေးထားတာလေ။
ငါနဲ့ သိပ်မဆိုင်ဘူး။
မင်းနဲ့ ပိုပြီး သက်ဆိုင်တယ်။
ဘုရားရှင်က
အကောင်းအဆိုး ခွဲခြားသိနိုင်တဲ့ အရွယ်
ကောင်းဆိုးနှစ်တန် လောကဓံကို
ခံနိုင်ရည်ရှိတဲ့အရွယ်မှာ
(အသက်နှစ်ဆယ် အရွယ်မှာ)
ရဟန်းခံပေးဖို့ ခွင့်ပြုထားလို့
မင်းလည်း အသက်နှစ်ဆယ်ပြည့်ပြီးတဲ့အတွက်
သူတို့က ရဟန်းခံပေးထားတာလေ။
အဲဒိလောက်ထိ လာပြီး
ခွင့်မတောင်းသင့်ဘူး။
အထူးသဖြင့် မောင်ပဉ္ဇင်းနဲ့
မင်းရဟန်းဒကာတွေအကြား
ငါက အလကားနေရင်း
"ကုလ မစ္ဆရိယ"လည်း မဖြစ်ပါရစေနဲ့
(တပည့် ဒါယကာများနှင့် ဆွေမျိုးအပေါင်း၌
ဝန်တိုခြင်း မစ္ဆရိယ)
ပစ္စည်း လာဘ်လာဘတွေ အတွက်
"လာဘ မစ္ဆရိယ"လည်း မဖြစ်လာပါရစေနဲ့
(ပစ္စည်း လာဘ်လာဘ၌ ၀န်တိုခြင်း မစ္ဆရိယ)။

      မောင် က၀ိန် မင်းဟာမင်း
ရွာပြန်ဖို့ မက နိုင်ငံခြားသွားဖို့ပဲ အလှူခံခံ
ရွာပြန်လမ်းစရိတ်မက တစ်သိန်း,နှစ်သိန်းပဲ အလှူခံခံ
မင်းရဟန်းဒကာတွေ။
မင်းနဲ့ပဲ ပါတ်သက်တာ။
ငါ့ဆီ ဘာမှခွင့်တောင်းစရာမလိုပါဘူး။
မင်း သဘောကျသလို မင်းနှစ်သက်သလို
မောင်ပဉ္ဇင်းနဲ့ မင်းရဟန်းဒကာများ အကြား
နားလည်စွာ ကြည်ဖြူစွာ ညှိနှိုင်းတိုင်ပင်ပြီး
မင့်းဘ၀ မင်းတည်ဆောက်ပါ " တဲ့။

   (သိပ်တော်တဲ့ ဘုန်းဘုန်း
သိပ်တော်တဲ့ အုပ်ထိန်းသူ
ပညာရှိသော နှုပ်စကားဖြင့်
ပညာပေးသော ဆရာသမား။
ပျံလွန်ပြီးဖြစ်သော ကျေးဇူးရှင်
မင်းကွန်းတောရကျောင်းတိုက်၏
ကျေးဇူးရှင် ဘုန်းဘုန်းလေး၏
"တပည့်များနှင့် ရဟန်းဒကာများအကြား"
ခံယူထားရှိမှုနှင့် နည်းပေးလမ်းညွန်မှုဖြစ်ပါသည်")

     စာရေးသူအတွက်
အရင်အတိတ်ကဆရာတော်များရော
ယခု လက်ရှိဆရာတော်များပါ
အုပ်ထိန်းကောင်းသော
နည်းပေးလမ်းညွန်ကောင်းသော
ဆရာများသာဆုံတွေ့ခွင့်ရ၍
ဆရာသမားရသည့်ကံ
အလွန်ကောင်းခဲ့ပါသည်။
ဘုန်းဘုန်းလေး ဦးရာဇိန္ဒနှင့်
ကွယ်လွန်သွားပြီဖြစ်သော
စာရေးသူ့ နောင်တော်၏ ရဟန်းဒကာမကြီး
ဒေါ်မြမြအောင် တို့ ကောင်းရာ
သုဂတိ ရောက်ရှိပါစေသော်

Photo ~ အရှင်က၀ိန္ဒ
Posted by - အရှင်က၀ိန္ဒ(အလင်းသစ်)

No comments:

Post a Comment